Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆားတောင်ဆည် အတွင်း စက်လှေ တိမ်းမှောက်ကာ လူ ၈ ဦး သေဆုံး

စက်လှေ တိမ်းမှောက်မှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ ဇီးတောဆည်(ဆားတောင်ဆည်) အတွင်း ယနေ့ နံနက်ပိုင်းတွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ စက်လှေပေါ် လိုက်ပါလာသူများ အနက် လူ ၈ ဦး သေဆုံး သွားခဲ့ပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ စက်လှေပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း လူ ၂၅ ဦး အနက် ၁၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ ပျောက်ဆုံးလျက် ရှိသည့် ၆ ဦးအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းစက်လှေမှာ ဆားတောင်ဆည်အ နောက်ဘက်ကမ်းရှိ ဗောဓိသစ္စာရေလယ် ဘုန်းကြီးကျောင်းသို့ မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ကျေးရွာအုပ်စု၊ ဟောင်းနွဲ့ကျေးရွာမှ ကုသိုလ်ပြုရန် စက်လှေဖြင့် လာရောက်စဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း ရရှိခဲ့သည်ဟု သိရသည်။

စက်လှေ တိမ်းမှောက်မှုအား သတင်းရရှိချိန်တွင် မလှိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ နွားထိုးကြီး မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)