Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့၏ လေအရည်အသွေး အလယ်အလတ်အဆင့်ရှိကြောင်း မိုး/ဇလ ထုတ်ပြန် 

ရန်ကုန်မြို့ရှိ ကားမှတ်တိုင် တစ်ခုတွင် Mask တပ်ဆင်၍ သွားလာသူ တစ်ဦးအား ၂၀၁၇ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့၏ လေအရည်အသွေး အညွှန်းကိန်း(AQI) တန်ဖိုးမှာ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၉၅ အထိ ရှိပြီး အဆင့် အနေဖြင့် အလယ်အလတ် အဆင့် ရှိရာ ကျန်းမာရေး ဆိုင်ရာ သက်ရောက်မှု မရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေး ဦးစီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး)စခန်းက နေ့စဉ် တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများအား ယနေ့ ထုတ်ပြန်ရာတွင် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၁ ရက် အထိ လေအရည်အသွေး အညွှန်းကိန်း(AQI)မှာ ၅၁ – ၁၀၀ ကြားတွင် ရှိနေကြောင်း ဖော်ပြထားသည်။ 

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “အဓိကတော့ ယာဉ်အသွားအလာ ထူထပ်တဲ့ နေရာတွေ ၊ စက်ရုံ ၊ အလုပ်ရုံနဲ့ နီးတဲ့ နေရာတွေမှာ များသောအား ဖြင့်တော့ လေအရည်အသွေးက ကျဆင်းတက်ပါတယ်။ ယာဉ်အသွားအလာမှာ ဆိုရင်လည်း ယာဉ်အသွားအလာ များတဲ့ အချိန် ရှိတယ်။ ဥပမာ မနက်ခင်းပိုင်း ရုံးသွားချိန် ၊ ကျောင်းသွားချိန်ပေါ့။ညနေပိုင်း ဆိုလည်း ရုံးပြန်တဲ့ အချိန်ပေါ့။ရန်ကုန်မှာ အဲဒီ အချိန်ဆိုရင် ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်တဲ့ အနေအထားပေါ့။အဲဒီ အချိန်မှာ တိုင်းတယ် ဆိုရင်တော့ အခုရှိတာထက် များနိုင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော လေအရည်အသွေး အခြေအနေပြ ဇယား(ဓာတ်ပုံ – မိုး/ဇလ) 

ဖေဖော်ဝါရီလ ၁ ရက်မှ ၁၁ ရက် အထိ နေ့စဉ် လေအရည်အသွေး အညွှန်းကိန်း(AQI) တိုင်းတာမှုများကို ရန်ကုန်(ကမ္ဘာအေး) စခန်း၌ တနေ့တာ ၂၄ နာရီ ပျမ်းမျှ ပြန်လည်တွက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။ “တိုင်းတဲ့ အချိန်မှာတော့ အချိန် တစ်ခုထဲကို သွားယူလို့ မရပါဘူး။များတဲ့ အချိန် တစ်ခုတည်းပေါ့။ ဒါတွေကို ပြန်ပြီးတော့မှ တစ်နေ့စာ အတွက်ကို ပြန်တွက်ထုတ်ရပါတယ်။ ကျန်းမာရေး အနေနဲ့ အရမ်း စိုးရိမ်စရာ မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျန်းမာရေး အရ စိုးရိမ်စရာရှိတယ်တို့ ထုတ်လွှင့်တဲ့ အနေအထားတွေကြောင့်မို့လို့ ကျွန်တော်တို့လည်း ဒီတိုင်းတာရရှိချက်တွေိကို ပြန်ပြီးတော့ မျှဝေပေးနေပါတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားခဲ့သည်။ 

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၁၁ ရက် အထိ ထုတ်ပြန်ထားမှု အရ လေအရည်အသွေး အဆင့်မှာ အလယ်အလတ် အဆင့်သာ ရှိနေသော်လည်း ဇန်နဝါရီလ အတွင်းက လေအရည်အသွေး အညွှန်းကိန်း(AQI) ၁၀၀ ထက် ကျော်လွန်သွားသည့် ရက်များလည်း ရှိခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလမှာကို တချို့ရက်တွေကြတော့လဲ ၁၀၀ ထက် ကျော်သွားတဲ့ ရက်တွေ ရှိတယ်။ အဓိကတော့ မော်တော်ယာဉ် အသုံးပြုတာများတာ ၊ မီးရှို့တာ များတာ အဲဒါမျိုးတွေ ပါတာပေါ့နော် ။ စက်ရုံ ၊ အလုပ်ရုံကနေ ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ ပမာဏတွေ ဒါတွေ များလာတဲ့ အချိန်ကြရင် တစ်ချို့ရက်တွေမှာတော့ ကျော်သွားတဲ့ ရက်တွေ ရှိတယ်။ အမြဲတမ်း ကျော်နေတာတော့ မဟုတ်ဘူး။ များသောအားဖြင့်တော့ ၅၀ – ၁၀၀ ကြား ရှိနေတယ်။ တစ်ချို့ရက်တွေမှာတော့ ၁၀၀ ထက် ကျော်သွားတဲ့ နေ့တွေလဲ ရှိတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားခဲ့သည်။ 

လေအရည်အသွေး အညွှန်းကိန်း(AQI) သည် ၀ – ၅၀  တွင် လေအရည်အသွေး အဆင့်မှာ ကောင်းမွန်သည့် အဆင့် ၊ ၅၁ – ၁၀၀ တွင် အလယ်အလတ် အဆင့် ၊ ၁၀၁ – ၁၅၀ တွင် ခံနိုင်ရည် နည်းပါးသောသူများ အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆင့် ၊ ၁၅၁ – ၂၀၀ တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆင့် ၊ ၂၀၁ – ၃၀၀ တွင် ကျန်းမာရေးကို အလွန် ထိခိုက်စေနိုင်သော အဆင့် နှင့် ၃၀၁ – ၅၀၀ တွင် ကျန်းမာရေး အတွက် အန္တရာယ် ရှိသော အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.