Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတွင် လူဦးရေ ၁၉,၀၀၀ ကျော် ရေဘေးသင့် ၊ သေဆုံးသူ ၄ ဦးရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးနေသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) 

တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ယနေ့ မွန်းလွဲပိုင်းအထိ လူဦးရေ ၁၉,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ရေကြီးရေလျှံမှုများကြောင့် ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့၌ ရေဘေးရှောင် ကယ်ဆယ်ရေး စခန်း ၁၄၀ ခန့် ဖွင့်လှစ်ထားကြောင်း ၊ သေဆုံးသူ လေးဦးမှာ မကွေးတိုင်းဒေသကြီးမှ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“ရေဘေးနဲ့ပတ်သတ်ရင် ဒီကာလတွေကတော့ နှစ်စဉ်နှစ်တိုင်းတော့ ရေကြီးနေတဲ့ ကာလတွေပေါ့။ဒါပေမယ့် မိုး/ဇလ သတင်းတွေကိုအထူးဂရုပြုပြီး နားထောင်သင့်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ဆိုရင် ရေဘေးက နည်းနည်း ငြိမ်သွားတာ ရှိတယ်။ အခု တစ်ရက် ၊ နှစ်ရက်ဆို ပြန်ဖြစ်လာတယ်။ အဲလိုမျိုးတွေ ရှိတဲ့ အခါကြတော့ မိုးလေဝသ သတင်းတွေကို နားထောင်ပေးပါ။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားခဲ့သည်။ 

ယခုနှစ်တွင် ဇူလိုင် ၁၁ ရက်မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် ၉ ခုသာ ရေကြီးမှုရှိတော့ကြောင်း ၊ ရေဘေး စတင်ဖြစ်ပွားခဲ့စဉ်က လူဦးရေ ၈၇,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လက်ရှိတွင် ရေဘေးသင့် ပြည်သူ ၁၉,၀၀၀ ကျော် ရှိကြောင်း ၎င်းက ဆိုသည်။ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဇူလိုင် ၁၁ ရက်မှ ဩဂုတ် ၂၄ ရက်အထိ ငွေကျပ်သိန်းပေါင်း ၂,၈၁၇ ကျော် ထောက်ပံ့ပေးထားကြောင်း သိရသည်။ (Xinhua)