Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်တွင် အင်အား ၆.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှား ၊၂၀၂၁ ခုနှစ်ထဲတွင် အင်အားအသင့်တင့်ရှိသော ငလျင်လှုပ်ရှားမှု ၁၀ ကြိမ်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၆ ရက်နံနက် ၆ နာရီ ၁၅ မိနစ် ၄၂ စက္ကန့်တွင် ချင်းပြည်နယ်၌ အင်အား ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း၊၂၀၂၁ ခုနှစ်ထဲတွင် အင်အားအသင့်တင့်ငလျင်လှုပ်ရှားမှု ၁၀ ကြိမ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာ က ဆင်ဟွာကို နိုဝင်ဘာ ၂၆ ရက်တွင် ပြောသည်။၎င်းငလျင်သည် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်ကွာဝေးသော ထန်တလန်မြို့၏ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၈)ဒီဂရီ၊ အနက် (၄၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထန်တလန်က တော့ ပျက်စီးမှုရှိမရှိ သတင်း မရသေးပါဘူးရှင်။ တွန်းဇံမြို့ကတော့ ငလျင်လှုပ်ရှားမှု ကို သိပေမဲ့ ပျက်စီး ဆုံး ရှုံးမှုမရှိဘူးလို့ ကျွန်မတို့ဆီကို သတင်းရောက်ပါတယ်’’ ဟု လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၂၆ ရက်တွင်ပြောသည်။ (Xinhua)