Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သတိပေး နိုးဆော်

ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း၏ အခြေအနေအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း” (PHETHAI)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီ အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော ဆိုင်ကလုန်း မုန်တိုင်း အခြေအနေ သတိပေးနှိုးဆော်ချက် အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့အတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားကြောင်း သိရသည်။ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားပြီး အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဖီထိုင်း” (PHETHAI)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။(Xinhua)