Connect with us

Environment, Disasters & Accidents

ဖျာပုံ-အမာ ဆက်သွယ်ရေး ကားလမ်းမပေါ်ရှိ ချောင်းကူးတံတား ကုန်တင်ကား ဖြတ်မောင်းစဉ် ပြိုကျ

ပြိုကျမှု ဖြစ်ပွားခဲ့သော ဆိပ်မဘေလီ ချောင်းကူး တံတားအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ဖျာပုံမြို့နှင့် အမာမြို့ကို ဆက်သွယ်ထားသော ကားလမ်းမပေါ်ရှိ ဆိပ်မဘေလီ ချောင်းကူး တံတား၌ နိုဝင်ဘာ ၉ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် ကုန်တင်ကားတစ်စီး ဖြတ်မောင်းနေစဉ် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

အမာမြို့ဘက်မှ ကားတစ်စီးမှာ ဖြတ်မောင်းနေစဉ် တံတားအလယ်ရောက်၌ ရေလယ်တိုင် ကျိုးကျပြီး အဆိုပါ ချောင်းကူးတံတား ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ၊ တံတားပြိုကျမှု ကြောင့် ဖြတ်မောင်းနေသည့် ကုန်တင်ကား ရေထဲနစ်မြုပ်ခဲ့ပြီး လူသေကြေ ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

တံတား ပြိုကျနေစဉ်အတွင်း သွားလာမှု အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု၍ ကူးတို့လှေ ၃ စီးဖြင့် စီစဉ်ထားကြောင်း၊ လမ်းဦးစီးမှ တစ်ဆင့် တံတားအထူးအဖွဲ့သို့ ချိတ်ဆက်ကာ ပြန်လည် ဆောက်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက် နေကြောင်း သိရသည်။

ဆိပ်မချောင်းကူးတံတားကို ၁၉၉၇ ခုနှစ်က ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုခဲ့ပြီး ၂၀၀၉ ခုနှစ်က တစ်ကြိမ် ပြိုကျ ခဲ့ဖူးကြောင်း ၊ တံတားအထူးအဖွဲ့မှ ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့၍ သွားလာမှု အဆင်ပြေချောမွေ့ခဲ့ပြီး ယခုတစ်ဖန် ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း ၊ ဆိပ်မချောင်းကူးတံတားသည် ဘေလီအမျိုးအစားဖြစ်ပြီး အလျား ၂၈၀ ပေ အနံ ၁၂.၄ ပေရှိပြီး မိုင်တိုင်အမှတ် (၃၆/၂) တွင် တည်ဆောက်ထား၍ တံတားအမှတ် (၁/၃၇) ဖြစ်ကြောင်း သိရသည်။(Xinhua)