Connect with us

Environment, Disasters & Accidents

မန္တလေး ရေလမ်း ကောင်းမွန်ရေး ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၀၀ ဖြင့် စတင်မည်

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှုများ သတင်းစာရှင်းလင်းပွဲတွင် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် ရှင်းလင်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ပြည်တွင်း ရေလမ်းကြောင်းများ ကောင်းမွန်ရေးအတွက် ပြည်ထောင်စု ရန်ပုံငွေ သီးသန့် ရန်ပုံငွေ၊ ကမ္ဘာ့ဘဏ် ချေးငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ မန္တလေး – ညောင်ဦး ရေလမ်း ကြောင်း ကောင်းမွန်ရန် လက်ရှိတွင် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် စတင်ဆောင်ရွက်လျက်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်ရှင်းလင်း ပြောကြားခဲ့သည်။

“လက်ရှိမှာ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ မန္တလေး – ညောင်ဦး အပိုင်း မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန် စီမံချက် ရေးဆွဲလျက်ရှိပြီး မန္တလေး ရေလမ်း ကောင်းမွန်ရေးကို စတင် ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်သော နိုင်ငံတော် အစိုးရ၏ ပထမ တစ်နှစ်တာကာလ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှုများ သတင်းစာရှင်းလင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်တွင်း ရေလမ်း သယ်ယူပို့ဆောင်ရေးတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ကုလားတန် စသဖြင့် မြစ်များစွာ ရှိသော်လည်း တောပြုန်းခြင်း၊ တောင်ပြုန်းခြင်း၊ စည်းကမ်းမဲ့ သတ္တုတူးခြင်း၊ ရွှေတူးခြင်းများကြောင့် မြစ်ကြီးများ တိမ်ကောလာပြီး ရေကြီး နစ်မြုပ်ခြင်း၊ ကမ်းပါးပြိုခြင်း၊ မြစ်ကြောင်း ပြောင်းလဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိုးအခါ ရေကြီးပြီး နွေအခါ သောင်ထွန်းခြင်းများသည် နှစ်ပေါင်းများစွာ မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး ထိန်းသိမ်းမှု များ မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်သည် ဗန်းမော်မှ ရန်ကုန်အထိ ရေကြောင်း သွားလာနိုင်သည့် အလျား ၈၃၉ မိုင် ရှိသည့်အနက် ရေလမ်းကြောင်း ကောင်းမွန်ပြီး ပြုပြင်ရန် မလိုသည့် အလျားမှာ ၃၇၂ မိုင်၊ ပြုပြင်ပြီး အလျား ၂၃ မိုင်နှင့် ပြုပြင်ရန် ကျန် အလျား ၄၄၄ မိုင်ရှိနေသေးကြောင်း၊ အလားတူ ခန္တီးမှ ချင်းတွင်း မြစ်ဝထိ ရေကြောင်းသွားလာနိုင်သည့် အလျာယး ၅၀၇ မိုင် ရှိသည့် ချင်းတွင်းမြစ်သည်လည်း ပြုပြင်ရန် မလိုသည့် အလျား ၃၂၁ မိုင်၊ ပြုပြင်ပြီး ၁၅ မိုင်နှင့် ပြုပြင်ရန် ကျန် အလျား ၁၇၁ မိုင် ရှိကြောင်း၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ခုနစ်ခု၊ သီးသန်းရန်ပုံငွေဖြင့် ၁၃ ခု၊ စုစုပေါင်း ရေလမ်းကြောင်း ကောင်းမွန်ရေး စီမံကိန်း အခု ၂၀ ခန့်တို့ကို စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

“မြစ်ရေလမ်းကြောင်း ပြုပြင်မှုကို အဓိထား ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် လတ်တလော ပေါ်ပေါက်လာတဲ့ ကမ်းပြို ကမ်းထိန်း လုပ်ငန်းအများစုကိုလည်း မဖြစ်မနေ ဆောင်ရွက်ခဲ့ရ ပါတယ်၊ ကမ်းပြိုမှုတွေကြောင့် ပြည်သူအများ ထိခိုက်မှု လျော့ပါးစေဖို့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ၁၁ ခုမှာ ကမ်းပြိုတဲ့နေရာ ၁၇၃ နေရာကို ပြည်နယ် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၃၅ ဘီလျံ ကျော်နဲ့ ဆောင်ရွက်ခဲ့ရပါတယ်၊ ” ဟုလည်း ၎င်းက ပြောခဲ့သည်။

မန္တလေး- ဗန်းမော် မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ချင်းတွင်း မြစ်ဝမှ ဟုမ္မလင်း အထိ မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးတို့ကို ငါးနှစ်အတွင်း ပြီးစီးရန် လျာထားကြောင်းနှင့် လျာထားချက်အတိုင်း ပြီးစီးနိုင်ရန် ဘယ်လ်ဂျီယံနိုင်ငံ၏ ချေးငွေရရှိရေးကို စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာနမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.