Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၌ စျေးမီးလောင်မှုဖြစ်ပွါးပြီး ဆိုင်ခန်း ၄၅၀ နီးပါး နှင့် လူနေအိမ် ၉ လုံး ဆုံးရှုံး

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းစည်ပင်သာယာစျေး မီးလောင်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-ဟန်မြတ်)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းစည်ပင်သာယာစျေးမီးလောင်မှုဖြစ်ပွါးပြီး ဆိုင်ခန်း ၄၅၀ နီးပါး နှင့် လူနေအိမ် ၉ လုံး မီးလောင်မှုကြောင့် ဆုံးရှုံးပျက်စီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ စျေးကြီးသည် ဧပြီ ၂ရက် ညနေ ၆နာရီကျော်က စတင်မီးလောင်ကျွမ်းခဲ့ပြီး အချိန် ၆နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် စျေးကြီးအတွင်း ဆိုင်ခန်း ၅၀၀နီးပါးရှိရာ ၄၅၀ ခန့်မီးလောင်ကျွမ်းခဲ့ပြီး စျေးအနီးရှိ ပျဉ်ထောင်အိမ် ၉ လုံး လည်း မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၎င်းကဆိုသည်။

“ စျေးကြီးထဲက ဆံပင်ညှပ်ဆိုင် ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ခဲ့တယ်လို့ သိရတယ်၊ ဆုံးရှုံးမှုတန်ဖိုးတွေ တွက်နေတုန်းပါ၊ မီးလောင်မှုကြောင့် လူအသေအပျောက်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ယင်း မီးလောင်မှုကြောင့် လူသုံးကုန်ပစ္စည်းများ၊စားသောက်ကုန်များ၊ အဝတ်အထည်နှင့် ဆိုင်ခန်းများ ပျက်စီးခဲ့ကြောင်း၊အဆိုပါ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို တွက်ချက်နေကြောင်း သိရသည်။

“ မီးညွန့် တော်တော်နဲ့ကို မကျိုးတာ၊ အနီးနားက မီးသတ်တွေအကုန်လာငြှိမ်းကြတယ်၊ ရပ်ကွက်ကလည်း ဝိုင်းငြှိမ်းတယ်၊ ကျွန်တော် သူငယ်ချင်းအိမ်ဆို အိမ်တိုင်လေးပဲကျန်ခဲ့တယ်၊ စိတ်မကောင်းဘူးဗျာ” ဟု ပဲနွယ်ကုန်းစည်ပင်သာ ယာစျေးမီးလောင်မှုကို မီးဝိုင်းငြှိမ်းသတ်သူ တစ်ဦးက ပြောသည်။ (Xinhua)