Connect with us

Environment, Disasters & Accidents

မိုးကြီး ရေလျှံမှုများကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း မြေပြို ၊ တံတားကျိုး ၊ လူသေဆုံးမှု အများအပြား ရှိနေ

မိုးရေ ကြီးသည့်အတွက် ကျိုးကျနေသည့် သီပေါမြို့နယ်ရှိ နမ့်ပေါင်တံတား (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှု ရေကြီးရေလျှံမှုများကြောင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်၌ မြေပြိုကျ ပျက်စီးမှုနှင့် တောင်ကျရေများကြောင့် လူ ၆ ဦးအထိ သေဆုံးမှုများ ရှိနေပြီး ရှမ်းပြည်နယ် သီပေါမြို့နယ်၌လည်း ယနေ့နေလည်ပိုင်း အချိန်က ရှေးဟောင်း ကွန်ကရစ်တံတား တစ်စင်း ပြိုကျမှုကြောင့် လက်ရှိအချိန်ထိ လူ ၃ သုံးဦး သေဆုံးပြီး ပျောက်ဆုံး ပျက်စီးမှုများ ဖြစ်ပေါ်နေလျှက် ရှိနေကြောင်း သိရသည်။

ဇူလိုင်လ (၂၄) ရက်နေ့ ညပိုင်းနှင့် ဇူလိုင်လ (၂၅)ရက် နံနက်ပိုင်းအထိ သည်းထန် စွာရွာသွန်းသည့် မိုးကြောင့် သပိတ်ကျင်းမြို့နယ် တွင်းငယ် ကျေးရွာ တွင် နေအိမ် (၁) လုံး၊ ဒေါင်းဖုန်း ကျေးရွာ၌ နေအိမ် (၃)လုံး မြေအိပြိုကျ ခဲ့သည်။ တောင်လယ်ကျေးရွာ၌ တောင် ကျရေကြောင့် နေအိမ်(၇)လုံး မျောပါသွားပြီး လူ (၆) ဦး အထိ အသက် ဆုံးရှုံးခဲ့သည်။ မိုးကုတ်မြို့၌ ရေနီမြောင် ရေလျှံသဖြင့် မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့ (၄)ပေ ခန့် ရေနစ်မြုပ်ခြင်း ၊ ရေလွှမ်းမှုကြောင့် လူနေအိမ် (၅) လုံးနှင့် ပရဟိတ ဘုန်ကြီးကျောင်းရှိ ကျောင်းဆောင်ငယ် တစ်ဆောင် ပြိုကျခြင်း၊ မိုးကုတ်-မတ္တရာ ကားလမ်းတွင် တောင်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။ စဉ့်ကူးမြို့နယ် မိုးကုတ်-သပိတ်ကျင်းကားလမ်း၊ လက်ပန်လှ၊ ကျဉ်ကောက်ပေါက်၊ နွယ်ရုံကျေးရွာများတွင် ရေ (၂) ပေခွဲခန့် အထိ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျှက် ရှိသည်။

ရှမ်းပြည်နယ် သီပေါမြို့လယ်ရှိ နမ့်ပေါင် ချောင်းပေါ်ရှိ ရှေးဟောင်း ကွန်ကရစ် တံတားတစ်စင်းသည် ယနေ့နေ့လည် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် မိုးရွာသွန်းမှုများပြီး ရေကြီး ရေလျှံမှုကြောင့် ကျိုးကျ ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ပျောက်ဆုံးသူ အရေအတွက် အတိအကျ မရရှိသေးဘဲ ကယ်ဆယ်နေဆဲ အခြေအနေသာ ရှိနေသေးကြောင်း သီပေါမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ရာ နေရာများနှင့် အနီးရှိ ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ကျေးရွာအချို့တွင် ပြောင်း၊ မိုးစပါး စိုက်ပျိုးပြီး လယ်ယာမြေများ ရေဝင် နစ်မြုပ်ပြီး လူတစ်ဦး သေဆုံးခဲ့သည်။
တောင်ကျရေကြောင့် ချောင်းငယ်၊ မြောင်းငယ်များ ရေလျှံကာ မူဆယ်မြို့တွင်း မြေနိမ့်ရာ နေရာများဖြစ်သော တရုတ်- မြန်မာ နှစ်နိုင်ငံ ဝင်/ထွက်ပေါက် (နန်းတော်ပေါက်နှင့် ဆင်ဖြူပေါက်) နှင့် အနီး ကျေးရွာတို့တွင် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ရေ ၃ ပေကျော် တိုက်စားမှုကြောင့် မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမပေါ်ရှိ ပန်ခမ်း သံတံတားဟောင်း တစ်စင်း ပျက်စီးခဲ့သည်။

ရေတိုက်စားမှုကြောင့် လမ်းများ ပျက်စီးခြင်း၊ အုတ်တံတိုင်းများ ပျက်စီးခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်း၊ ကျေးရွာ အတွင်းရှိ အိမ်များ ရေလွှမ်းခြင်း၊ စိုက်ပျိုးထားသော ပြောင်း၊ စပါးများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်လ ၁၉ ရက်မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ကာ ဇူလိုင်လ ၂၄ ရက်တွင် မိုင်းယု ၁ဝ၅ ကျေးရွာ၌ မိုးရေ တိုက်စားမှုကြောင့် Green Luck ဆီဆိုင် အုတ်တံတိုင်း ပြိုကျပြီး အသက် ၁၉ နှစ်အရွယ်ရှိ လူငယ်တစ်ဦး အုတ်တံတိုင်းပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် သီတင်း (၁) ပတ်ခန့် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ မှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင် ကားများနှင့် ကုန်တင်ကားများ ရပ်နားခဲ့ရပြီး လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ (Xinhua)