Connect with us

Environment, Disasters & Accidents

မိုးသီးမုန်တိုင်း ကာကွယ်နေထိုင်ရေး နှိုးဆော်ချက်ထုတ်ပြန်

စဉ့်ကိုင်မြို့တွင် ဧပြီလ ၂၂ ရက် မိုးသီးရွာသွန်းမှုကြောင့် ပျက်စီးနေသော အိမ်တစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ဧပြီ ၂၄ ရက် (ဆင်ဟွာ)

လတ်တလောကာလများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးတိမ်တောင်များဖြစ်ပေါ်ကာ မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခြင်း၊မိုးကြိုးပစ်ခြင်း၊မိုးသီးရွာခြင်းစသည် တို့ဖြစ်ပေါ်၍ လူ၊ ကျွဲ၊ နွား နှင့် တိရစ္ဆာန်များပါ ထိခိုက်သေဆုံးမှုများ ရှိသဖြင့် ထိုသို့ဖြစ်ပေါ်လာခဲ့ပါက ကြိုတင်ကာကွယ်ရေးအတွက် အသိပေး နှိုးဆော်စာ တစ်စောင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင်- တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက် လာခြင်း၊ အပူထုထဲတွင်လေအေးများကိုခံစားရခြင်းများသည် မိုးသီးမုန်တိုင်း၏ လက္ခဏာ များဖြစ်ပါသဖြင့် ထိုကဲ့သို့ဖြစ်ပေါ်လာပါက အထူးသတိပြုနေထိုင်ရန်၊
– ကျေးလက်တောရွာများတွင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ရန်၊
– မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းရန်၊ အဝတ်ထူများဝတ်ဆင်သွားရန်၊ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားရန်၊
– အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ရန်၊ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေရန်၊
– အိမ်အမိုးများကို ခိုင်ခံအောင်ပြန်လည်ပြင်ဆင်ရန်၊
– အိမ်မွေးတိရစ္ဆာန် နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ရန်၊ မိုးသီးကြီးများသည် တိရိစ္ဆာန်များ ကိုအသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး တကယ်ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင် သဖြင့်ကြိုတင်စီစဉ်ရန်၊
– ယာဉ်များ၊ ပစ္စည်းများအပြင်တွင်မထားဘဲ ကားများကိုဂိုဒေါင်ထဲထည့်ထားရန်၊ အမိုးသာ ရှိပြီးအကာမရှိသည့်အောက်တွင် ဘေးမှထိနိုင်သဖြင့်စောင်ကာထားရန်၊ လမ်းများပေါ်တွင် ထားရပါက စောင်အုပ်ထားရန်၊
– ပြတင်းတံခါးများအသေအချာပိတ်ထားရန်၊ မပိတ်မိ၍ မိုးသီးများအရှိန်ဖြင့်ဝင်လာပါက အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်၍ လိုက်ကာများပါပိတ်ထားရန်၊ ပြတင်းပေါက်နားရှိပရိဘောဂများကိုလည်းကြိုတင်ရွှေ့ထားရန်၊
– မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကိုအသုံးမပြုရန်၊
– တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့်လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားရန်၊
– သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေရန်၊လျှပ်စစ်စီးကူးလွယ်သည့်
ပစ္စည်းများနှင့်ဝေးရာတွင် နေထိုင်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးသီးကြွေကျ ခြင်းများ၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ သတိပြုလိုက်နာနေထိုင်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကနှိုးဆော်ဖေါ်ပြထားသည်။ (Xinhua)