Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလထုတ်ပြန်

မုန်တိုင်းငယ်ဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်သတိပြုနိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက်ထုတ်ပြန်သည်။

၎င်းမုန်တိုင်း ၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်(၆)ပေမှ (၉)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)