Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံပြင်ပကို ဗဟိုပြု၍ လှုပ်ခတ်သွားသော ငလျင် ဒဏ်ကို မြန်မာနိုင်ငံရှိမြို့နယ် တချို့တွင်ပါ ခံစားခဲ့ရ

ယနေ့ နံနက်ပိုင်းတွင် လှုပ်ရှားသွားသော မြေငလျင်ဗဟိုချက်ပြမြေပုံနှင့် ခံစားမှုပြမြေပုံများ (ဓါတ်ပုံ- မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ပြင်ပကို ဗဟိုပြု၍ လှုပ်ခတ် သွားသော အင်အား ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိသော ငလျင်ကြောင့် တမူး၊ကသာ၊ ကလေး၊ ဟားခါး၊ သပိတ်ကျင်း၊ ဟသာၤတ ၊ ရန်ကုန်၊ ကောလင်း တို့တွင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း မြေငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်က ဆင်ဟွာကို ပြောသည်။

အဆိုပါ ငလျင်သည် ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၅)နာရီ (၃၅)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်း မှ အနောက်မြောက်ဘက် မိုင် (၂၅၀) ခန့်အကွာ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ် ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး (၆.၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး အဆိုပါ ငလျင်လှုပ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ မြို့တစ်ချို့တွင်လည်း ခံစားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးထွန်းလင်းကျော်က “ဗဟိုချက်မှာ လှုပ်တာကတော့ ပြင်းအား ၆.၈ ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်မြို့တွေ ဒီငလျင်ကို ခံစားလိုက်ရတယ်ဆိုတာတော့ သိတယ်။ ဗဟိုချက် နဲ့ ဝေးတဲ့ အတွက် ပြင်းအားခံစားမှုကတော့ အနည်းအများ ကွာခြားတာပေါ့’’ ဟုပြောသည်။

အင်တာနက် သတင်းများအရ အဆိုပါ ငလျင်ကြောင့် အိန္ဒိယနိုင်ငံ၊ အင်ဖာ မြို့တွင် သေဆုံးသူ (၄) ဦး ရှိပြီး ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀၀)ဦး ခန့် ရှိကြောင်း သိရသည်။ (Xinhua)