Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးတွင် ဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ် ၃၉,၉၇၇ ဒဿမ ၅၂ ဧက ကို ထပ်မံသတ်မှတ်ရန် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးရှိဒီရေတောပင်အချို့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ၃၉,၉၇၇ ဒဿမ ၅၂ဧက ကိုထပ်မံသတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ဆင်ဟွာသို့ အောက်တိုဘာ ၂၁ ရက်တွင်ပြောသည်။

“မူလက ရန်ကုန်တိုင်းဒေသကြီးမှာ ၆,၀၈၉ ဧက ကို ဒီရေတောကြိုးပြင် ကာကွယ်တောသတ်မှတ်ပြီးဖြစ်ပါတယ်။ အခုအသစ်ထပ်သတ်မှတ်တဲ့ဧကနဲ့ပေါင်းရင် ရန်ကုန်တိုင်းဒေသကြီးမှာ ဒီရေတောကြိုးပြင်ကာကွယ်တောက ၄၆,၀၀၀ ကျော်အထိရရှိလာမှာဖြစ်ပါတယ်။’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည် ။

အဆိုပါဧရိယာအတွင်းရှိဒီရေတောကျဲသည့်နေရာများ၌ ဒီရေတောပင်များစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဒီရေတောများမှ ရေသယံဇာတများဖြစ်သော ငါး၊ပုစွန်၊ဂဏန်များ ပေါများလာမည်ဖြစ်ကြောင်း၊ ထို့ပြင်လယ်မြေများအား ဆားငန်ရည်ဝင်ရောက်မှုကိုလည်း ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဒီရေတောတွေပြုပြင်စိုက်ပျိုးပြီးတဲ့အချိန်မှာ ဒေသခံအစုအဖွဲ့ပိုင်သစ်တောအဖြစ် ပြည်သူတွေကို ကျွန်တော်တို့ကပေးသွားမှာဖြစ်ပါတယ်။ သစ်တောတွေကို စနစ်တကျစီမံအုပ်ချုပ်ခွင့် ပြည်သူတွေကိုယ်တိုင်စနစ်တကျ ထုတ်ယူသုံးစွဲခွင့်တွေရအောင် ကျွန်တော်တို့က သင်တန်းတွေ ပို့ချပြီး ပြန်အပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေကလည်း ဒီရေတောကြိုးပြင်ကာကွယ်တောတွေ အရှည်သဖြင့်တည်တန့်ဖို့ကို ပူးပေါင်းပါဝင်ချင်စိတ်ရှိပါတယ်။ ဒီရေတောအပင်တွေကို အသစ်စိုက်ရင် ၅ နှစ် ၆ နှစ်လောက်ကြာတယ်။ သဘာဝတောကိုထိန်းနိုင်ရင် ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။’’ ဟု ဦးသိန်းတိုးက ရှင်းပြသည်။လာမည့်၂၀၂၁ ခုနှစ်တွင် ဒီရေတောပင်များကို ဟက်တာ ၁၀၀ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)