Connect with us

Environment, Disasters & Accidents

အနောက်တောင် မုတ်သုံလေတစ်နိုင်ငံလုံးမှဆုတ်ခွါ ၊ နိုဝင်ဘာလဆန်းတွင် တစ်နိုင်ငံလုံးသို့ မြောက်ပြန်လေဝင်ရောက်မည်ဟုဆို

ရန်ကုန်မြို့ ဆောင်းတွင်းကာလ၏ နံနက်ခင်းတွင်အလုပ်လုပ်နေသူအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ အောက်တိုဘာ၁၈ရက်တွင် ဆုတ်ခွါခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိရွာသွန်းနေသော မိုးသည်အခါလွန်မိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ဆောင်းတွင်းဝင်ရောက်ရန် မြောက်ပြန်လေ(သို့မဟုတ်)ဆောင်းမုတ်သုံလေတိုက်ခတ်မှုပေါ်မူတည်၍ နိုဝင်ဘာလဆန်းတွင် တစ်နိုင်ငံလုံး၌ ဆောင်းမုတ်သုံလေဝင်ရာကာဆောင်းရာသီသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းကဆိုသည်။

“အနောက်တောင်မုတ်သုံလေဆုတ်ခွါတာနဲ့မြောက်ပြန်လေလို့ခေါ်တဲ့အရှေ့မြောက်လေကချက်ချင်း သိသိသာသာကြီးတော့ဖြစ်မလာသေးဘူး။ မုတ်သုံလေကလည်း ဆုတ်တော့ဆုတ်သွားတယ်။ ဒါပေမယ့်အထိုင်မကျသေးဘူး။အခုကအနောက်တောင်မုတ်သုံလေထွက်ခွါကစမို့ဆောင်းမုတ်သုံလေကလည်းပုံမှန်မဖြစ်သေးဘူး။ ဆောင်းလေကကြတော့ အရှေ့မြောက်ကတိုက်တာရှိတယ်။ အနောက်မြောက်ကတိုက်တာရှိတယ်။ လေကတိုက်ရင်တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားတာ။ နိုဝင်ဘာပထမပတ်လောက်မှာစတင်ဝင်ရောက်နိုင်တယ်” ဟု၎င်းက ဖြည့်စွက်ပြောကြားသည်။

လက်ရှိအပူချိန်ထက်ညအပူချိန်လျော့နည်းလာရင်းတဖြည်းဖြည်းအေးလာနိုင်ကြောင်း၎င်းကဆိုသည်။မြန်မာနိုင်ငံ၏ဆောင်းတွင်းသည်အအေးပေါ့ နေသည်မှာကြာပြီဖြစ်ကြောင်း၊ ယခုနှစ်သည်လာနီညာဖြစ်စဉ်ကြောင့် ပုံမှန်နှစ်တစ်နှစ်ထက်အနည်းငယ်အေးနိုင်ကြောင်း၎င်းကဆိုသည်။လက်ရှိအချိန်တွင်အရှေ့မြောက်လေနှင့် အနောက်တောင်လေအားပြိုင်နေသည့်ကာလဖြစ်သောကြောင့်လေထုမငြိမ်မသက်ဖြစ်လျက်ရှိကြောင်းသိရသည်။

“အနောက်တောင်လေနဲ့မြောက်ပြန်လေတို့သွားဆုံတဲ့အချိန်၊အရှေ့လေနဲ့အနောက်ရာသီအားပြိုင်မှုကြောင့်မုန်တိုင်းတွေဖြစ်တယ်။ဒီရာသီကမုန်တိုင်းရာသီဖြစ်တယ်။လေဖိအားနည်းရပ်ဝန်းတွေကဆက်တိုက်ဖြစ်ပေါ်နိုင်တဲ့အခြေအနေရှိသေးတယ်။ဒါကြောင့်အခါလွန်မိုးတွေကဆက်တိုက်ရွာနိုင်တယ်။အနောက်တောင်လေနဲ့မြောက်ပြန်လေတို့အားပြိုင်ပြီးသွားတဲ့အချိန်မှမုန်တိုင်းရာသီကပြီးမှာဖြစ်တယ်” ဟု၎င်းကဆက်ရှင်းပြသည်။

လက်ရှိတွင်ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လျက်ရှိပြီး၊ ၎င်းလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်အောက်တိုဘာ၂၂ရက်မှ၂၄ရက်အတွင်းစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ကြောင်း၊မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် (၃၅)မိုင်မှမိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်းမိုးဇလမှသိရသည်။ (Xinhua)