Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်သတ်မှတ်

မုန်တိုင်းငယ်ဖြစ်ပေါ်မှုပြမိုးဇလမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊သို့သော်မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦး တည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။

“မုန်ုတိုင်းငယ်က မြန်မာနိုင်ငံဘက်ကိုဖြတ်စရာမရှိဘူး။ဒါပေမယ့် မုန်တိုင်းကြောင့် ဒီဘက်မှာ သက်ရောက်မှုတွေရှိတယ်။ဒါကြောင့် ဒီအချက်ကို ထည့်ပြောရတာဖြစ်တယ်။ မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ မိုးကြီးတာ၊လေပြင်းတိုက်တာနဲ့ ပင်လယ်ပြင်မှာလှိုင်းကြီးတာတွေဖြစ်နိုင်တယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု (၂၁.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့်ရှိနိုင်ကြောင်း သိရသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်းရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူ များအနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြရန် မိုးဇလမှ အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)