Connect with us

Environment, Disasters & Accidents

လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းသို့ ဖြတ်ကျော်ချိန် လေတိုက်နှုန်း တစ်နာရီ(၃၅)မိုင်နှုန်းမှ မိုင်(၄၀) နှုန်းခန့်ရှိနိုင်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမိုးဇလ၏ ကောင်းတင်ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းသို့ ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်းသည် တစ်နာရီလျှင် (၃၅)မိုင်နှုန်းမှ မိုင်(၄၀) နှုန်းခန့်အထိ တိုက်ခတ်နိုင်ကြောင်း၊ ယနေ့သြဂုတ် ၈ ရက် ည တွင် ဖြတ်သန်းနိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဖြတ်သန်းမည့် ရာခိုင်နှုန်းများကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံတောင်ပိုင်းဒေသကို ဖြတ်ဖို့ရာနှုန်းပြည့်နီးပါးသေချာပါတယ်။လေဖိအားနည်းဖြတ်နေတဲ့အချိန် ကုန်းပေါ်မှာ တောင် တစ်နာရီကို လေတိုက်နှုန်း ၁၇ မိုင်နဲ့ မိုင် ၂၀ ကြားပုံမှန်တိုက်ခတ်တဲ့လေ။ ကုန်တွင်းပိုင်းတောင် ရုတ်တရက် စောင့်တိုက်တဲ့လေ၊ လေပုန်းက တစ်နာရီကို ၃၅ မိုင်လောက်အထိတိုက်ခတ်နိုင်တယ်။ ပင်လယ်ထဲနဲ့ ကမ်းရိုးတန်းမှာ လေပိုပြင်းနိုင်တယ်။ ကမ်းရိုးတန်းဖြတ်တဲ့ အချိန် တစ်နာရီ ၃၅ မိုင်ကနေ မိုင် ၄၀ အထိတိုက်နှိုင်တယ်။ လေပုန်းတိုက်ရင် ပိုပြင်းထန်နိုင်တယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် (မိုးရေချိန် အနည်းဆုံး ခန့်မှန်း (၁) လက်မမှ အမြင့်ဆုံး (၅) လက်မအတွင်း)၊ ကချင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် (မိုးရေချိန် အနည်းဆုံး ခန့်မှန်း (၁) လက်မမှ အမြင့်ဆုံး (၈) လက်မအတွင်း)၊ နေရာ အနှံ့အပြားမိုးရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးနိုင်ခြင်းစသည့် အခြေ အနေများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်း ဖြတ်သန်းသွားနိုင်မည့် လမ်းကြောင်းတစ်လျှောက်နှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်သက်ရောက်နိုင်ခြေရှိသည့် ဖော်ပြပါ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် နေထိုင်ကြသူများ၊ မြစ်ကမ်းအနီး မြေနိမ့်ဒေသများတွင် နေထိုင်ကြသူများ၊ အထူးသဖြင့် မွန် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများအတွင်း နေထိုင်ကြသူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ တောင်ကျချောင်းရေများကြောင့် ရုတ်တရက်ရေကြီးနိုင်ခြင်းနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို သတိပြုနေထိုင်နိုင်ကြရန်လိုအပ်ကြောင်းသိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက “လေဖိအားနည်းဖြတ်မယ့် ဒေသက ပြည်သူတွေ အနေနဲ့ အထူးဂရုပြုနေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူများအနေနဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခံစားရမှုများနဲ့ပတ်သက်ပြီး ကျွန်မတို့ဌာန ရဲ့ Hot Line ဖုန်းတွေဖြစ်တဲ့ ဖုန်း – ၀၆၇-၃၄၀၄၆၆၆ နဲ့ ၀၆၇-၃၄၀၄၇၇၇ များသို့ (၂၄) နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၈ ရက်တွင်ပြောကြားသည်။ (Xinhua)