Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး/ပြည်နယ် ၄ ခု၌ လေဖိအားနည်းရပ်ဝန်း ဖြတ်ကျော်မှုကြောင့် လူဦးရေ ၁၁,၀၀၀ ကျော် ဘေးသင့်

လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်တွင် ထိခိုက်ပျက်စီးမှု တစ်ချို့အား တွေ့ရစဉ်(ဓာတ်ပုံ - ministry of social welfare relief and resettlement myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားရာမှတစ်ဆင့် မြန်မာနိုင်ငံထဲသို့ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်၌ ၎င်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ် ၄ ခု၌ လူဦးရေ ၁၁,၀၀၀ ကျော် သဘာဝဘေးသင့်ခဲ့ရပြီး သေဆုံးသူ ၃ ဦး ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“တနင်္သာရီတိုင်းဒေသကြီးမှာက လူဦးရေက ၃,၇၀၀ ၊ မွန်ပြည်နယ်မှာက လူဦးရေ ၄၀၀ ကျော် ၊ ပဲခူးတိုင်းဒေသကြီးမှာက ၇,၀၀၀ ကျော် နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာက ၃၀၀ ကျော်ပါ။ပျက်စီးအိမ်ခြေက လုံးဝ ပျက်စီးတာ ၂၂၀ ကျော် ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတာ ၂၄၀ ကျော်ပါ။အဓိကတော့ လေပြင်းတိုက်တာနဲ့ ဒီရေလှိုင်းရိုက်တာပါပဲ။သေတဲ့သူက ၃ ယောက်ပဲ ။  မွန်ပြည်နယ်က မိခင်နဲ့ ကလေး ၂ ယောက်နဲ့ လှိုင်းပုတ်ပြီး အိမ်ထဲပါသွားလို့ပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။

လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်၌ ၎င်း၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ပျက်စီးဆုံးရှုံးမှုပေါ်မူတည်၍ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အများစုစည်းရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ရသူများအား ပါးစပ်နှာခေါင်းစည်းနှင့် ဆပ်ပြာများကို သက်ဆိုင်ရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ဘေးသင့်နေရာ များသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.