Connect with us

Environment, Disasters & Accidents

လှိုင်မြို့နယ်ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း မီးလောင်ကျွမ်း ပေါက်ကွဲမှုကြောင့် ၈ ဦး ဒဏ်ရာရ

မီးလောင်ကျွမ်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအား တာဝန်ရှိသူများ စစ်ဆေးနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း ပြင်ဆင်မှု ဆောင်ရွက်နေသည့် ဆိုင်တစ်ဆိုင်တွင် မေ ၂ ရက် ညပိုင်းက ဖုန်းအားသွင်းစဉ် ဝါယာရှော့ ဖြစ်ရာမှတစ်ဆင့် Gas ပိုက်လိုင်း ယိုစိမ့်သည့်နေရာသို့ မီးကူးစက်ကာ လောင်ကျွမ်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၆၉/အေ)ရှိ Market Place ဈေးဝယ်စင်တာ၏ ပထမထပ်ရှိ ဆိုင်တစ်ဆိုင်သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ပိတ်သိမ်းခဲ့ပြီးနောက် လုပ်ငန်းပြန်လည်အပ်နှံနိုင်ရန် မူလအတိုင်း ပြန်လည်ပြင်ဆင်ခြင်း လုပ်ကိုင်လျက်ရှိကြောင်း ၊ ယင်းလုပ်ငန်းစဉ် အတွင်း Extension ကြိုးခွေအား အသုံးပြု၍ လက်ကိုင်ဖုန်းကို အားသွင်းနေစဉ် မီးကြိုးခွေမှ ဝါယာရှော့ ဖြစ်၍ (Spark) ဖြစ်ပေါ်ခဲ့ကြောင်း ၊ အဆောက်အအုံ မျက်နှာကျက်ရှိ စားသောက်ဆိုင်တန်းများသို့ ပို့လွှတ် သွယ်တန်း ထားသည့် Gas ပိုက်လိုင်းမှာ ယိုစိမ့်နေရာ ထိုမီးပွား(Spark)မှ တစ်ဆင့် မီးကူးစက်ပြီး လောင်ကျွမ်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပေါက်ကွဲစေတတ်သည့်အရာဝထ္တု ပစ္စည်းများလည်း မတွေ့ရှိ ရသည့်အပြင် ယမ်းနံ့များလည်း ရရှိခြင်းမရှိကြောင်းကို ကျွမ်းကျင်သူများ၏ စစ်ဆေးချက်အရ သိရှိရပြီး အခင်းဖြစ် အဆောက်အအုံအတွင်းရှိ မျက်နှာကျက်များတွင် ယင်းကဲ့သို့ သွယ်တန်းထားသည့် Gas ပိုက်လိုင်း များစွာ ရှိသော်လည်း မြေအောက်ထပ်ရှိ Gas အိုးများထားသိုသည့် မိန်းနေရာအား အချိန်မီ ပိတ်နိုင်ခဲ့၍သာ ပျက်စီးမှု နည်းပါး ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖြစ်ပွားခဲ့သဖြင့် ဆိုင်အတွင်း အလုပ် လုပ်ကိုင်လျက် ရှိသူ ၈ ဦး တို့တွင် ခန္ဓာကိုယ်တွင် မီးအပူလောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း နှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ချက်များအရ လှိုင်မြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)