Connect with us

Environment, Disasters & Accidents

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၁၀,၉၅၇မှုဖြစ်ပွားခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်တိုက်မှုပေါင်း ၁၃,၄၈၇ မှု ရှိခဲ့ရာမှ ယခု ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၁၀,၉၅၇ မှု ရှိခဲ့သဖြင့် ယာဉ်တိုက်မှုပေါင်း ၂၃၅၀ မှု ခန့် လျော့နည်းသွားခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးကျော်အောင်က “ယာဉ်တိုက်မှုလျော့လို့ လူသေမှုလည်းလျော့ပါတယ်။ ဒီနှစ်မှာ နယ်မကျော်ရတာတွေကြောင့်လည်း ယာဉ်တိုက်မှုတွေလျော့သွားတာပါ’’ ဟုဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁ရက်တွင်ပြောသည်။

ယဥ်တိုက်မှုများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒဏ်ရာရရှိသူ၁၅,၈၇၅ ဦး ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ ဒဏ်ရာရရှိသူ၂၀,၈၀၄ ဦးရှိခဲ့ကြောင်းသိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သေဆုံးသူ ၄၃၈၇ဦးရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သေဆုံးသူ ၃၇၃၅ ဦး ရှိခဲ့သဖြင့် သေဆုံးသူ ၆၅၂ ဦး လျော့နည်းသွား ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း ၃၇၄မှု၊ သေဆုံးသူပေါင်း ၆၉ဦးနှင့် နေပြည်တော်တွင် ယာဉ်တိုင်မှုပေါင်း ၂၂၇မှု ၊ သေဆုံးသူ ၁၃၈ ဦး အသီးသီးရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၁၉၀၂မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ၄၉၆ဦးရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၁၂၃၆မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၄၆၇ ဦးရှိကြောင်း သိရသည်။ (Xinhua)