Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်း မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ရွေ့လျား

ဆိုင်ကလုန်းမုန်တိုင်းကြံ့သွားနိုင်သည့်လမ်းကြောင်းခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၅၅)မိုင် ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၃၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၃၁၀)ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၄၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀)နှုန်းခန့် ဖြစ်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာ နိုင်ပြီး၊ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း သတိပြုရန် မိုးဇလမှ သတိပေးချက်ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.