Connect with us

Environment, Disasters & Accidents

ပွင့်နေခြည် ဇာတ်အဖွဲ့ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ဒုတိယခေါင်းဆောင်မင်းသား အပါအဝင် ၁၁ ဦးအထိ ရှိလာ

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် လွန်ခဲ့သည့် နှစ်ရက်က ပွင့်နေခြည် ဇာတ်အဖွဲ့ယာဉ်တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဇာတ်အဖွဲ့၏ ဒုတိယခေါင်းဆောင်မင်းသား အပါအဝင် ၁၁ ဦးအထိ ရှိလာ ပြီ ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။” ဇာတ်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသားကတော့ အသက်ဘေးလွတ်တယ်။ ကျန်မင်းသားငယ် ၄ ဦး တော့ သေဆုံးတယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ပွင့်နေခြည် ဇာတ်အဖွဲ့လိုက်ပါလာသော ၆ ဘီးယာဉ်သည် အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီ ဝန်းကျင်က မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်ရှိ ၊ကွမ်းခြံကုန်းအဆင်းတွင်ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ ၅ ဦး သေဆုံးကာ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ဒဏ်ရာရရှိသူများထဲမှ ၆ ဦးထပ်မံသေဆုံးခဲ့ပြီး ယနေ့ထိ သေဆုံးသူ အ ရေအတွက်မှာ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ဦးအထိရှိလာကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

” မော်လမြိုင်ပြည်သူ့ဆေးရုံကို ဒဏ်ရာရတဲ့လူတွေ လွှဲပြောင်းကုသတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့လူနာထဲက ၂ ဦး ထပ်သေတယ်၊ ဒဏ်ရာရတဲ့လူနာတွေထဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ ၃ ဦး ရှိသေးတယ်၊ ကျန် လူနာတွေကတော့ မစိုးရိမ်ရတော့ပါဘူး” ဟု ရာမည လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌက ပြောခဲ့သည်။ယင်းယာဉ်တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရသူများအား မြဝတီဆေးရုံကြီးမှ မော်လမြိုင်ဆေးရုံသို့ ပြောင်းရွေ့ကုသလျက်ရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)