Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်တွင် ပေ ၁၀၀၀ အနက်ရှိသော ချောက်အတွင်း ကားတစ်စီးပြုတ်ကျမှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ချောက်အတွင်း ကားတစ်စီးပြုတ်ကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်းတွင် ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်) နံနက် ၁၀နာရီ ဝန်းကျင်၌ REVO အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ ၁၀၀၀ ခန့် အနက်ရှိ သောချောက်ထဲသို့ ထိုးကျပြီး
တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ ၅ ဦး သေဆုံး၍ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့သော ချောက်အတွင်းမှ ယာဉ်ပေါ်ပါ လူ ၁၂ဦးအား ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရကြောင်း၊ ဒဏ်ရာရရှိသူ ၇ဦးသည်လည်း ပြင်းထန်ဒဏ်ရာများရရှိပြီး စိုးရိမ်ရကြောင်း တိုင်းနေလူမှုကူညီမှုအသင်းမှ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

” အခင်းဖြစ်တဲ့နေရာမှာတင် ၅ယောက်သေတယ်၊ ဒဏ်ရာရတဲ့အထဲက မိန်းကလေး၂ဦးဆို တော်တော်အခြေအနေ ဆိုးတယ်၊ ပေ ၁၀၀၀ အနက်ကနေ အဲဒီလူတွေကို ခက်ခက်ခဲခဲ အပေါ် ပြန်တင်ရတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ယာဉ် ချောက်အတွင်းကျသည့် ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလူနာများအား ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)