Connect with us

Environment, Disasters & Accidents

ပဲခူးမြို့တွင် ယခုရက်ပိုင်းအတွင်း အပြင်းအထန်ဆုံး ရေကြီးရေလျှံမှုဖြစ်ပွား (သတင်းဆောင်းပါး)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အမေရိကန်အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ပဲခူးမြို့ရှိ ကုန်းမြင့်ပိုင်း ရပ်ကွက်များသို့ပါ ရေများတဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိကာ တစ်မြို့လုံးရေကြီးရေလျှံဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများလည်း အလျင်မီအောင် လှေနှင့်သွားရောက် ကယ်ဆယ်လျက်ရှိသည်။“အခြေအနေက ရေကတော်တော်ကြီးတယ်ဗျ။ မကူညီနိုင်တာတွေတောင် အများကြီးရှိတယ်။ ရေကြီးတာက နှစ်စဉ်ရေကြီးနေကျပေမဲ့ ဒီနှစ်ကတော့ ရေအကြီးဆုံးနှစ်ပဲ။ မိုးများတာရယ်၊ ဆည်က ရေပိုလွှဲရေကြောင့် ရေကကြီးသွားတာပါ။ ရေဘေးသင့်သူတွေကို ကယ်ဆယ်ဖို့ စက်တပ်လှေတွေလိုတယ်” ဟု မေတ္တာရွှေစင်ပရဟိတအသင်း (ပဲခူး) မှ ဥက္ကဋ္ဌ ဦးလေးဖြူက ဆင်ဟွာသို့ ပြောကြားသည်။

ပဲခူးမြစ်ရေသည် ၂၀၁၈ ခုနှစ်က မူလ မိုးရေချိန် စံချိန်ဟောင်းဖြစ်သည့် ၅.၇၅ လက်မမှ အောက်တိုဘာ ၈ ရက်တွင် ၇.၈၇ လက်မ အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ပဲခူးမြို့မှာ ရေကြီးနေလို့ လာကယ်ပါဦးဆိုပြီး အကူအညီတောင်းခံတာရှိလို့ ပဲခူးကို သွားရောက်ကူညီဖြစ်ပါတယ်” ဟု ပုလဲလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။အောက်တိုဘာလ ၉ ရက် မွန်းလွဲ ၂:၂၀ နာရီအချိန်အထိ ပဲခူးမြို့တွင် အိမ်ထောင်စုပေါင်း ၃,၄၆၅၊ အမျိုးသား ၆,၄၅၃ ဦး၊ အမျိုးသမီးက ၇,၈၅၁ ဦး စုစုပေါင်း လူဦးရေ ၁၄,၃၀၄ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ ကယ်ဆယ်ရေးစခန်းပေါင်း ၃၆ ခု ဖွင့်လှစ်ပြီးဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ပဲခူးမြို့ အလိုင်နီဆည်မှ တာဝန်ရှိသူတစ်ဦးက “ဆည်က ရေများရင်တော့ ဖောက်ပြီး ရေလွှဲဖို့အတွက် ပြင်ဆင်နေပါတယ်။ နောက်ထပ်မိုးဆက်ကောင်းလာရင်တော့ အပေါက်ဖွင့်ချရတော့မှာပါ။ ရေစီးလမ်းကြောင်းကတော့ ရေပိုလွှဲကနေတစ်ဆင့် ချောင်းထဲကို လွှတ်တာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ပြောသည်။

ပဲခူးမြို့၏ ယခုရေကြီးမှုမှာ အမြင့်ပိုင်း ရပ်ကွက်များအပါအဝင် ပဲခူးဆေးရုံ၊ ပဲခူးမြို့မဈေး အပါအဝင် မြို့လယ်ရှိ နေရာအားလုံးသို့ ရေဝင်ရောက်နေသဖြင့် ဈေးများပါ ပိတ်ထားရကြောင်း၊ ကျောင်းတစ်ချို့လည်း ပိတ်ထားရကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က “ပဲခူးမြို့မှာ ကျောင်းတစ်ချို့ပိတ်ထားရပါတယ်။ စာရင်းအတိအကျကို ထုတ်ပြန်သွားပါ့မယ်” ဟု ဆင်ဟွာသို့ပြောသည်။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အစိုးရတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက လက်ရှိ ပဲခူးမြို့ ရေကြီးရေလျှံမှုကို နေ့၊ ည ကူညီကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ရေဘေးရှောင်စခန်းများ၌လည်း ရေပတ်လည်ဝိုင်းလျက်ရှိကြောင်း သိရသည်။

မေတ္တာရွှေစင်ပရဟိတအသင်း (ပဲခူး) မှ ဥက္ကဋ္ဌ ဦးလေးဖြူက “ရေဘေးရှောင်စခန်းတွေမှာ ရောက်နေတဲ့ သူတွေအတွက် အစားအစာအဓိကလိုတယ်။ ရေဘေးရှောင်စခန်းတွေမှာ ရောက်နေသူတွေကလည်း ရေပတ်လည်ဝိုင်းနေတော့ ချက်ဖို့ပြုတ်ဖို့ ခက်ပါတယ်” ဟု ပြောသည်။

ပဲခူးမြို့ ကုန်းမြင့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့်လည်း ရေကြီးမှုအခြေအနေမှာ ယခုကဲ့သို့ ဆိုးရွားလာမည်ဟု မထင်သည့်အတွက် နေအိမ်မှ ရွှေ့ပြောင်းခြင်း မပြုကြသဖြင့် နေအိမ်တွင်း ပိတ်မိနေသူများလည်းရှိကြောင်း ပဲခူးမြို့ရှိဒေသခံတစ်ချို့၏ ပြောကြားချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက “ မိုးက ပုံမှန်လည်းများနေကျပါ။ မိုးရေချိန်စံချိန်သစ်တင်တဲ့အထိ ဘာကြောင့်များလဲဆိုတော့ ရာသီဥတုပြောင်းလဲတာနဲ့လည်း သက်ဆိုင်မှုရှိမယ်။ အပူချိန်တွေ မြင့်တက်တာနဲ့လည်း သက်ဆိုင်မှုရှိမယ်။ အပူချိန်များရင် ရာသီဥတုရဲ့ အစွန်းရောက်ဖြစ်စဉ်တွေ ပိုဖြစ်ပါတယ်။ မိုးက ပဲခူးမြို့တစ်မြို့တည်းမှာ ရွာတာမဟုတ်ဘူး။ ပဲခူးမြစ်ဝှမ်းမှာလည်းရွာတယ်။ ပဲခူးမြစ်ထဲကို ရေတွေအလုံးအရင်းနဲ့ဝင်ရောက်တော့ ရေတွေကြီးတာပေါ့” ဟု ဆင်ဟွာသို့ ပြောသည်။

ထို့ပြင်လက်ရှိတွင် ရထားလမ်းများလည်းရေကျော်မှုဖြစ်ပွားသောကြောင့် ရထားခရီးစဉ်တစ်ချို့လည်း ရပ်နားထားရကြောင်း သိရသည်။ရန်ကုန်ဘူတာရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က “ရထားခရီးစဉ်တွေက ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ ရထားခရီးစဉ်တွေ ဖျက်သိမ်းထားပါတယ်။ ရန်ကုန်-မန္တလေး က ပုံမှန် ၂ စီးပြေးဆွဲပါတယ်။ မော်လမြိုင်ကို တစ်စီး၊ ရန်ကုန်-ပဲခူးခရီးတို RBE ရထားကတော့ မနက်လာ၊ ညနေပြန် တစ်စီးပြေးဆွဲပါတယ်။ ရထားကတော့ လမ်းပိုင်းရေကျသွားရင် လမ်းပိုင်းတွေပြင်သင့်တာပြင်ပြီး အချိန်မီ အစုန်၊ အဆန်ထွက်ခွါနိုင်ဖို့အတွက် ကျွန်တော်တို့က လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုဆင်ဟွာသို့ ပြောသည်။

ယခုရွာသွန်းသော မိုးသည် မုတ်သုံမိုးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများတွင် မုတ်သုံက ထွက်ခွာခြင်းမရှိသေးကြောင်း၊ မုတ်သုံထွက်ခွာသည့်တိုင်အောင် အောက်တိုဘာ တစ်လလုံး မိုးဆက်လက်ရွာသွန်းနေဦးမည်ဖြစ်ကြောင်း ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)