Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၉ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁,၈၆၄ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီး ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါသွားသော Light Truck ယာဉ်(၁)စီးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၃,၆၃၄ မှုဖြစ်ပွား၍ လူ ၁,၈၆၄ ဦး သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၂၅/၄) တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်က ယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

 

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၃/၄) နှင့် (၁၁၃/၅) ကြားတွင် လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အား ဝင်ရောက်တိုက်မိခဲ့သော TOYOTA CROWN ယာဉ် (၁) စီးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

အဆိုပါ ယာဉ်မတော်တဆမှု အရေအတွက်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၄,၂၈၄ မှုနှင့် နှိုင်းယှဉ်ပါက ၆၅၀ မှု လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅,၉၁၁ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၄,၉၉၃ ဦး ရှိခဲ့ခြင်းကြောင့် ၉၁၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂,၁၀၂ ဦးရှိခဲ့ရာ ယခုနှစ်ကာလတူ၌ သေဆုံးသူ ၁,၈၆၄ ဦးနှင့် နှိုင်းယှဉ်ပါက သေဆုံးသူ ၂၃၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ယာဉ်မတော်တဆမှုဖြစ်စဉ်များကို ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ ပိုများခဲ့ပြီး နေပြည်တော်နှင့် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ လျော့နည်းခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “အမြန်လမ်းမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုက မနှစ်က ၉ လ တာကာလအတွင်း ၁၂၃ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ်က ၁၂၆ မှုဖြစ်ပွားခဲ့တယ်။ ယာဉ်တိုက်မှုက ၃ မှုပိုပေမဲ့ သေဆုံးသူက မနှစ်က ၄၅ဦးရှိပြီး၊ ဒီနှစ်က ၇၀ ဦးရှိတယ်ဆိုတော့ ၂၅ ဦးပိုများခဲ့တယ်။ ဘာကြောင့်ယာဉ်တိုက်မှုတွေဖြစ်ရလဲဆိုရင် ယာဉ်မဆင်မခြင်မောင်းနှင်တဲ့အတွက် အရှိန်ပြင်းထန်စွာတိုက်မိလို့ သေဆုံးသူပိုများရတာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၁ ရက်တွင်ပြောသည်။ (Xinhua)