Connect with us

Environment, Disasters & Accidents

ပဲခူးမြစ်ရေက ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေသည့်အတွက် လူဦးရေ ၅,၆၄၈ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့

ပဲခူးမြို့ ရေကြီးလျှေံမှုအား ကူညီကယ်ဆယ်ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် အောက်တိုဘာ ၈ ရက် နံနက် ၆:၃၀ နာရီ တိုင်းတာချက်အရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် (၄၀ စင်တီမီတာ) မြင့်တက်လာသည့်အတွက် လူဦးရေ ၅,၆၄၈ ဦးကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၇ ခုကို ပို့ဆောင်ပြောင်းရွှေ့ပေးပြီးဖြစ်ကြောင်း ပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ အောက်တိုဘာ ၈ ရက် နေ့လည် ၁၂:၂၄ နာရီတွင် ပြောကြားသည်။ဦးသောင်းရွှေက “ကျွန်တော်တို့ ဒီနေ့ နေ့လည် ၁၁ နာရီအထိ စာရင်းအရ ကယ်ဆယ်ရေး စခန်း ၁၇ ခုမှာ အမျိုးသား ၂,၆၀၁ ဦး၊ အမျိုးသမီး ၃,၀၄၇ စုစုပေါင်း ၅,၆၄၈ ဦးကိုပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

 အောက်တိုဘာ ၈ ရက် နံနက် ၀၆:၃၀ နာရီအချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်ရပ်ကွက်များတွင် ရေဝင်ရောက်မှုများဖြစ်ပွားသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေရာချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အောက်တိုဘာ ၈ ရက် နံနက် ၁၀:၀၀ နာရီကျော်တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးက “ကျွန်တော်တို့ မနေ့ကတည်းက မိုးရေချိန်ကို စောင့်ကြည့်ခဲ့ပါတယ်။ ပဲခူးမြစ်ရေက ဒီနေ့မနက် ၄ နာရီကတည်း စိုးရိမ်ရေမှတ် အထက်ကိုတက်သွားခဲ့တယ်။ ကျွန်တော်တို့ မနက် ၆ နာရီ ကျော်လောက်ကတည်းက ကူညီမှုတွေ၊ ရွှေ့ပြောင်းမှု တွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ နေ့လည် ၁၂ နာရီ ၆ မိနစ်တွင်ပြောကြားသည်  

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ၊ မီးသတ်မှ လှေ ၅ စီးခန့်ကိုဖြန့်၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များလည်း ကူညီဆောင်ရွက်လျက်ရှိကြောင်း ဦးသန်းထွန်းဦး၏ ပြောကြားချက်အရသိရသည်။
မေတ္တာရွှေစင်ပရဟိတအသင်း (ပဲခူး) မှ ဿက္ကဋ္ဌ ဦးလေးဖြူက “ရေဘေးကူညီရေးတွေကို အခုထိ ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်ရေးတွေ လုပ်ဆောင်နေပါတယ်။ သေဆုံးသူနှင့်၊ ထိခိုက်ဒဏ်ရာရရှိသူမရှိသေးပါဘူး” ဟုဆင်ဟွာသို့ ယနေ့ နေ့လည် ၁၂ နာရီ ၅ မိနစ်တွင် ပြောသည်။ (Xinhua)