Connect with us

Environment, Disasters & Accidents

၂၀၂၃ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌လေပြင်းကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်ချမှတ်ဆောင်ရွက်မည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မေ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးသွားသောတဲအိမ်တစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌လေပြင်းကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမင်းသိန်းက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင်ပြောသည်။

ဒေါက်တာမင်းသိန်းက “လေပြင်းကာကွယ်ရေးကိုလုပ်ဖို့အတွက် လေပြင်းတိုက်ခတ်မှု အဖြစ်များတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို စာရင်းကောက်ထားတယ်။ဖေဖော်ဝါရီလနဲ့ မတ်လလောက်ကတည်းက လေပြင်းကြိုတင်ကာကွယ်ရေးတွေလုပ်ဖို့ စာရင်းကောက်နေတယ်။ပြီးတော့ လေပြင်းကာကွယ်ရေးအတွက် စီမံချက်တွေချပါတယ်’’ ဟုပြောသည်။

နိုင်ငံတစ်ဝန်းတွင် နှစ်စဉ် မတ်လ၊ ဧပြီလ နှင့် မေလတို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားလေ့ရှိပြီး ရာသီဥတု ပြောင်းလဲလာသည့် အတွက် လေပြင်းတိုက်ခတ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုအဖြစ်များလာတဲ့အတွက် ယခုကဲ့သို့ စီမံချက်ချမှတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဆိုသည်။

“အခုကကြိုတင်ပြင်ဆင်တဲ့ကာလပေါ့။ နွေအကုန် မိုးအကူး မတ်၊ ဧပြီ၊ မေတွေမှာ အဖြစ်များတယ်။ နောက်မိုးနှောင်းကာလမှာလည်း လေပြင်းတိုက်ခတ်မှုတွေ အဖြစ်များတယ်။လေပြင်းတိုက်ခတ်ခြင်း နဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ပညာပေးခြင်းအပါအဝင် ကာကွယ်ရေးတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်’’ ဟု ဒေါက်တာမင်းသိန်းကပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။

“လေပြင်းဘေးနဲ့ပတ်သက်ပြီး အသိပညာပေးလက်ကမ်းစာရွက်တွေကိုလည်း ကျွန်တော်တို့ ပြုလုပ်ထားပါတယ်။ အိမ်ပြိုပျက်ခြင်း၊ အမိုးပျက်စီးခြင်းတွေ ဖြစ်နိုင်ခြေတွေကို ရှင်းပြတယ်။ အဲဒီလိုဖြစ်နိုင်ခြေတွေထဲကနေ ကူညီပေးတာပါ။ ပြည်သူတွေကိုမိမိအိမ်ကို ခိုင်ခန့်စွာ ဆောင်ရွက်ဖို့အသိပညာပေးခြင်းတွေလည်း ဆောင်ရွက်ပါတယ်’’ ဟု ၎င်းကဆိုသည်။ (Xinhua)