Connect with us

Environment, Disasters & Accidents

နိုင်ငံတစ်ဝန်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၁၀ ဦး သေဆုံး 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးမှုအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

 

ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း၌ ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားခဲ့သည်။ 

“လေပြင်းကြောင့် ပျက်စီးတာက ပဲခူးတိုင်းဒေသကြီးမှာ များတယ်။ ပဲခူးတိုင်းဒေသကြီး ပြီးရင် မကွေးတိုင်းဒေသကြီးက များတယ်။ ပြီးရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးပေါ့။သေဆုံးမှု များတာက မကွေးတိုင်းဒေသကြီးမှာ သုံးယောက် ၊ ကချင်ပြည်နယ်မှာ နှစ်ယောက်ပါ။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ယနေ့ တွင် ပြောကြားခဲ့သည်။ 

နိုင်ငံတစ်ဝန်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ နေအိမ် (၉၈၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ပြိုကျ ပျက်စီးခြင်း၊ နေအိမ် (၁၃,၁၂၁)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂၄၇)လုံး အမိုးအကာလန် ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့ကြောင်း 

“လေပြင်းဘေးကတော့ များသောအားဖြင့် ရှေ့နှစ်တွေရဲ့ အခြေအနေတွေ ကြည့်မယ်ဆိုရင်တော့ မိုးတွင်းရောက်ပြီဆိုရင် ပုံမှန်လေပြင်းဘေးကတော့ နည်းနည်း လျော့သွားတယ်။ အခုကြတော့လည်း မေလမှာ မိုးက မရွာသေးတော့ ဇွန်လလယ်လောက်ထိတော့ သတိထားရမယ် ထင်တာပေါ့နော်။ဒါကတော့ အတွေ့အကြုံအရပါပဲ။”ဟု ၎င်းက ဆိုသည်။ 

လေပြင်းဘေးအန္တရာယ်ကြောင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ် ရေး ပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ်(၇၆၁ ဒသမ ၁) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။  (Xinhua)