Connect with us

Politics, Law & Military

ကိုယ်စားလှယ် အမတ်လောင်းများ လာမည့် စက်တင်ဘာလ ၈ ရက်တွင် စတင် စည်းရုံးရေး ဆင်းနိုင်ပြီဟု ဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင် ပြုလုပ်နိုင်ပြီး တပ်မတော် ဧရိယာအတွင်းသို့သွားရောက် မဲဆွယ်စည်းရုံးခွင့် ရရှိနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ပြောသည်။

“တပ်မတော်ထဲမှာ မဲဆွယ် စည်းရုံးဖို့တော့ မဖြစ်နိုင်ပါဘူး။ တပ်ကလဲ ခွင့်ပြုမယ် မထင်ပါဘူး။ ဒါပေမယ့် တပ်နှင့် နီးစပ်နေတဲ့ ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာ သွားပြီး မဲဆွယ် စည်းရုံးနိုင်ပါတယ်။ တပ်မတော်သားနဲ့ မိသားစုဝင်တွေက စိတ်ဝင်စားရင် လာနားထောင်ပါလိမ့်မယ်။ နောက်ပြီးတော့ တပ်ထဲကို လက်ကမ်း ကြော်ငြာ စာစောင်တွေ ပေးလို့ရပါတယ်”ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

တပ်မတော်သားများ ဆန္ဒမဲ ပေးနိုင်ရေး အတွက် မဲရုံ ဖွင့်လှစ်ရန် တပ်များအတွင်းရှိ တပ်တွင်း ကျောင်းတွင် မဲရုံဖွင့်ပါက ထိုနေရာသို့သွားခွင့်ရှိရမည်။ သွားခွင့် မပေးပါက မဲရုံကို အပြင်ဘက်တွင် ဖွင့်လှစ်ရန် တပ်မတော်သို့ပြောကြား ထားသည်။ တပ်ထဲတွင် မဲရုံဖွင့်သည့် နေရာကို သတ်မှတ် လမ်းကြောင်းအတိုင်း ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်သည်ဟု သိရသည်။

မဲဆွယ် စည်းရုံးရေးခွင့်နှင့် ပတ်သက်၍ ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး လူတိုင်းသည် နိုင်ငံတော်တွင် ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရမည်။ လာမည့် ရွေးကောက်ပွဲတွင် ကော်မရှင်သည် ယခုအတိုင်း စောင့်ကြည့် နေမည်သာ ဖြစ်သည်။ ပါတီအချင်းချင်း ကျင့်ဝတ်များနှင့်အညီ ထိန်း၍ ရွေးကောက်ပွဲ စည်းရုံး ဟောပြောပြီး အေးချမ်းသည့် ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဆောင် သွားမည်ဟု ကော်မရှင် ဥက္ကဌ က ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲ ဆိုင်ရာ ပြဿနာများ ဖြစ်ပွားပါက စေ့စပ် ညှိနှိုင်းရေး အဖွဲ့မှ စေ့စပ် ဆောင်ရွက်ပေးပြီး မရဘဲ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေပါက လုံခြုံရေး ကော်မတီမှ ဆောင်ရွက်သွားမည် ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲတွင် တင်သွင်းလာသည့် ကိုယ်စားလှယ် လောင်းများကို စိစစ်ပြီး မဲဆန္ဒ နယ်မြေအလိုက် ကိုယ်စားလှယ် လောင်းများ မည်သည့် လွှတ်တော်များတွင် ယှဉ်ပြိုင် သွားကြမည်ကို ထုတ်ပြန် ပေးသွားရန် ရှိကြောင်း သိရသည်။ (Xinhua)