Connect with us

Politics, Law & Military

ယခုနှစ် ရွေးကောက်ပွဲတွင် ကိုးကန့်ဒေသ၌ ပြုလုပ်နိုင်မည် ဖြစ်ပြီး ဝ ဒေသ မသေချာသေးကြောင်း ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် ယခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဲဆန္ဒ နယ်မြေများ၌ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် ရွေးကောက်ပွဲ ကျင်းပပေးနိုင်တော့မည် ဖြစ်ပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် ယခုချိန်ထိ ပြော၍ မရနိုင်သေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ဆင်ဟွာသို့အတည်ပြု ပြောကြားသည်။

“အရင်တုန်းက ကိုးကန့်ကိစ္စ မေးတဲ့အခါမှာ လောလောဆယ် အခြေအနေတော့ ဖြစ်နိုင်မယ် မထင်ဘူး။ နောင်တော့ မပြောနိုင်ပါဘူးလို့ပြောထားပါတယ်။ အခုကတော့ ကိုးကန့်က ဖြစ်ကို ဖြစ်မှာပါ။ အခု မဲစာရင်းတွေလဲ ကောက်နေပါပြီ။ ဒါကြောင့် လုပ်ကိုလုပ်ပေး ပါမယ်။ ဒါပေမယ့် မဲစာရင်းတွေက တော်တော် ခဲရာခဲဆစ် ကောက်ရတဲ့အတွက် ရွေးချယ်ခံမယ့် ပါတီ အချင်းချင်းကလည်း အားလုံး ပေးနိုင်ပါ့မလား ဆိုတဲ့ သံသယ ရှိနေပါတယ်။ ကျွန်တော်ကတော့ ပေးနိုင်သမျှ ပေးကြပါ။ ရသမျှ ကောက်ပြီးတော့ ရွေးကောက်ပွဲတော့ ကျင်းပပေးပါမယ်။ ဘာကြောင့်လဲဆိုတော့ လူထု ကိုယ်စားလှယ် ရွေးကို ရွေးပေးချင်တယ်။ ဒီဒေသကို ကိုယ်စားပြုတဲ့ နိုင်ငံတော်မှာ သူ့ဒေသအတွက် ပြောပေးနိုင်တဲ့ ကိုယ်စားလှယ် တစ်ယောက် ရစေချင်တဲ့ အတွက် ကျွန်တော် လုပ်ပေးပါမယ်။ ကျန်တဲ့ ဝ ဒေသတို့ကိုတော့ ကျွန်တော် ပြောလို့မရသေးပါဘူး” ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

တိုင်းရင်းသား ဒေသများတွင် ဖြစ်နိုင်သမျှ ရွေးကောက်ပွဲ ကျင်းနိုင်အောင် လုပ်ဆောင် ပေးသွားမည်။ မဲစာရင်းရှိပြီး မဲရုံများ ဖွင့်လှစ်နိုင်ပါက ရွေးကောက်ပွဲ ကျင်းပဖြစ်အောင် ကျင်းပပေးသွားမည်။ သို့သော်လည်း လက်နက်နှင့် ခြိမ်းခြောက်ပြီး မဲထည့်ရန် ၊ မထည့်ရန် ပြောလာပါက ရွေးကောက်ပွဲအပြီး ကန့်ကွက်လွှာများ တင်လာပါက စဉ်းစား ဆောင်ရွက်သည့်အခါ အနိုင်အရှုံးကို ထိခိုက်စေသော လုပ်ရပ်များ ဖြစ်ပါက ကော်မရှင်က ဆုံးဖြတ်သည့်အခါ ထည့်သွင်း စဉ်းစားသွားမည်ဟု သိရသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု ယူဆပြီး မဲဆန္ဒ နယ်မြေများကို သတ်မှတ် ထုတ်ပြန်ထားသော်လည်း မဲဆန္ဒ နယ်မြေအားလုံးတွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ နီးလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ သဘာဝ ဘေးအန္တရာယ်အရ ၊ နယ်မြေ အခြေအနေအရ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်ခြင်း မရှိပါက သတ်မှတ် နေရာများကို ရွေ့ဆိုင်းရမည့် ဥပဒေအရ တစ်ချို့နေရာများကို ရွှေ့ဆိုင်းသွားမည်။ ကျင်းပနိုင်သည့် နေရာကို ကျင်းပပြီး ကိုယ်စားလှယ်လောင်းများ ရွေးချယ် ပေးသွားမည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး အနှံ့ လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ် မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၁၇၁ နယ်မြေ ရှိသည်။ (Xinhua)