Connect with us

Politics, Law & Military

ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ ကြိုးစားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံရာ၌ ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာများ ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုပိုမိုမြှင့်တင် ဆောင်ရွက်ရေးအတွက် လာရောက်ခြင်းဖြစ်ပြီး သမိုင်းအစဉ်အလာအားဖြင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံပြုပြင်ပြောင်းလဲမှုများတွင် ရုရှားနိုင်ငံမှ များစွာပါဝင်ကူညီခဲ့ကြောင်း၊ မိမိတို့ဘက်မှလည်း သံတမန်ပိုင်းဆိုင်ရာကိစ္စ ရပ်များတွင် ယခုထက်ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစား လုပ်ဆောင်စေလိုကြောင်း၊ သံရုံး၊ စစ်သံရုံးများဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နှစ်နိုင်ငံဆက်ဆံရေးနှင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ဆောင်ချက်များကို အချိန်မီတင်ပြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တာဝန်ရှိသူများ ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေ တို့လိုက်ပါ၍ ဇွန် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဦးတင်ဇော်နှင့် သံရုံး၊ စစ်သံရုံးမိသားစုများက ကြိုဆိုကြကြောင်း သိရသည်။(Xinhua)