Connect with us

Politics, Law & Military

TNLA နှင့် RCSS တို့ဖြစ်ပေါ်နေသော တိုက်ပွဲများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် UNFC တိုက်တွန်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-UNFC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF / TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) တို့အကြားတွင်ဖြစ်ပေါ်နေသော တိုက်ပွဲများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က တိုက်တွန်းလိုက်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ထောင်ချီသောစစ်ဘေ းဒုက္ခသည်များမှာလည်း တစ်နေ့တခြား ပိုမိုတိုးပွားလာလျက်ရှိကြောင်း နှစ်ဘက်မှတာဝန်ရှိသူများအနေဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းဖြင့်ရှိနေ သောပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် လေးနက်စွာ တိုက်တွန်းကြောင်း၊ နှစ်ဘက်တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်ရေး အတွက် မိမိတို့ UNFC အနေဖြင့် ကြားဝင်ဖြန်ဖြေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သော UNFC အစည်းအဝေးကြေညာချက်တွင် ဖော်ပြထားသည်။

UNFC ကောင်စီ (တိုးချဲ့)အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၂၁)ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရပ်ရပ်အား ဆွေးနွေးသုံးသပ်ခြင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ လိုအပ်သော မူဝါဒရေးရာကိစ္စရပ်များ နှင့် ဌာနဆိုင်ရာ လုပ်ငန်း စဉ်များအား ပြန်လည်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲများဖော်ဆောင်ရန်အတွက် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation (DPN) ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကိုယ်စားလှယ်အ ဖွဲ့အနေဖြင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရေး၊ နိုင်ငံရေးဆွေးနွေးရေးဖြစ်စဉ်အဆင့်ဆင့်၌ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေး နှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက် လာစေရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)