Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် သတ်မှတ် ဆောင်ရွက်မည်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

နိုင်ငံတကာမှ ကူညီ ထောက်ပံ့လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် ထားရှိရေးအတွက် ယနေ့ ဒီဇင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ခွဲဝေသုံးစွဲရန်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ ၊ စေ့စပ် ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကဏ္ဍ စသည်ဖြင့် ဦးစားပေးကဏ္ဍကြီး ၄ ရပ် သတ်မှတ်ဆောင်ရွက်ရန် အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့(Joint Coordinating Body for Peace Process Funding-JCB)ကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး အစိုးရဘက်မှ ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ် ၈ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ၈ ဦးဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထို့အတူ JCB တွင် ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ် ရေးထိုးထားသောအဖွဲ့များ သာမက NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာအလှူရှင် များက ကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ရန်ပုံငွေများနှင့်ပတ်သက်၍ ကန့်သတ်ထိန်းချုပ်ခြင်း မဟုတ်ကြောင်း၊ များပြားလှသော အဖွဲ့အစည်းများအကြား ထောက်ပံ့ကူညီမှု ရရှိနိုင်သည့်အခြေအနေ ကွာခြားချက် ကြောင့် မညီမျှမှု များစွာ ရှိနေကြောင်း၊ JCB အနေဖြင့် စီမံကိန်းများကို မျှမျှတတနှင့် ထိထိရောက် ရောက် ဖြစ်စေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ပထမဆုံးအနေဖြင့် လိုအပ်ချက်များအလိုက် ဦးစားပေး ကဏ္ဍများ သတ်မှတ်နိုင်ရေး ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ရရှိရေး ရှာဖွေရန် ဖြစ်ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် နိုင်ငံတကာကူညီထောက်ပံ့မှုသာမက ပြည်တွင်းမှ အလှူရှင်များ ပါဝင်လာနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် နိုင်ငံတကာ ထောက်ပံ့ ကူညီမှုများကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ အလေအလွင့် အနည်းဆုံး ဖြစ်စေရေး၊ မလိုအပ်သော အပိုကုန်ကျမှု၊ အပိုသုံးစွဲမှုများ မရှိစေရေး တာဝန်ယူမှု အပြည့်အဝဖြင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ထိုအစည်းအဝေးသို့ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ ငြိမ်းချမ်းရေး ကော်မရှင် ၊ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၊ လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)