Connect with us

Politics, Law & Military

စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို စက်တင်ဘာ ၁ ရက်မှ ၃၀ ရက် အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန် 

၂၀၁၉ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော ၇၄ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ချီတက်နေသည့် တပ်မတော်သားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) 

စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ 

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိုကဲ့သို့ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ကြောင်း ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် COVID-19 ရောဂါကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကူညီများပေးနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခတွင်သက်ဆိုင်သူများ အားလုံးအနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန် နှင့် COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်တွင်ဆုံးဖြတ်ခဲ့ကြောင်း ၊ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ကာ နိုင်ငံတကာကျင့်ဝတ်များနှင့် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အပေါ်လိုက်နာရန်တာဝန်ရှိပြီး အခြားနိုင်ငံများနည်းတူ လိုက်နာကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်းနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.