Connect with us

Politics, Law & Military

အွန်လိုင်းမီဒီယာသစ်သို့ အသွင်ကူးပြောင်းရာတွင် ပြန်ကြားရေး ဝန်ကြီးဌာနက ကူညီမည်ဟုဆို

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ပုဂ္ဂလိကပိုင် ပုံနှိပ်မီဒီယာများ အွန်လိုင်း မီဒီယာ အသစ်သို့ အသွင် ကူးပြောင်းရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ ၊ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေး ပြန်ကြားရေး ဝန်ကြီးဌာနက ကူညီရန် အဆင်သင့် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အသွင်ကူးပြောင်း ဆောင်ရွက်ရာမှာ ကြုံတွေ့လာရမယ့် ပြဿနာ အခက်အခဲ စိန်ခေါ်မှု များကို ရင်ဆိုင် ဖြေရှင်းတဲ့နေရာမှာ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဆက်စပ် လုပ်ငန်းရှင်များ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များ စသည်တို့နဲ့ ချိတ်ဆက်လျက် လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ကူညီ ဆောင်ရွက်ပေးနိုင်ရန် အဆင်သင့် ရှိပါတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်၏ အမေးကို ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်ပြီး သတင်းစာ၊ ဂျာနယ် ပုံနှိပ်မီဒီယာများ ဈေးကွက်တွင် အရှုံးပေါ်ကာ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်း ရပ်စဲနေခြင်းမှာ မှန်ကန်ကြောင်း၊ သို့ရာတွင် ထိုပြဿနာသည် မြန်မာနိုင်ငံတွင်သာ ကြုံတွေ့နေရခြင်း မဟုတ်ဘဲ နိုင်ငံတကာ ပုံနှိပ် မီဒီယာလောက တစ်ခုလုံးတွင် ကြုံတွေ့ရင်ဆိုင်နေရသည့် ဘုံ စိန်ခေါ်မှု ကြီး ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ လက်ရှိ ပုံနှိပ်မီဒီယာများ အခြေအနေမှာ ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေအရ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ အကုန်အထိ သတင်းစာ ၄၇ စောင်၊ ဂျာနယ် ၅၈၉ စောင်၊ မဂ္ဂဇင်း ၄၉၄ အုပ်၊ အထွေထွေ ထုတ်ဝေ ခြင်း လုပ်ငန်း ရှင် ၁,၇၅၃ ဦးနှင့် အွန်လိုင်း သတင်းအေဂျင်စီ လုပ်ငန်း ၃၀၉ ခုတို့ကို ခွင့်ပြုထားရှိပြီး ဖြစ်ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေ၌ သတင်းစာ ၂၃ စောင်၊ ဂျာနယ် စောင်ရေ ၆၀၊ မဂ္ဂဇင်း ၂၃ အုပ် တို့သာ ဈေးကွက်မှာ ရပ်တည်လျက်ရှိသည်ကို တွေ့ရသဖြင့် ပုံနှိပ်မီဒီယာများ ထိခိုက် ကျဆင်းလာ သည်မှာ သိသာ ထင်ရှားကြောင်း၊ အွန်လိုင်းသတင်း အေဂျင်စီ လုပ်ငန်းများကမူ ၃၂၁ ခုအထိ လည်ပတ် လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အွန်လိုင်း သတင်းမီဒီယာများမှ တစ်ဆင့် ပြည်သူများ၏ သတင်း ရယူ သုံးစွဲမှု တိုးတက်လာနေသည်ကို တွေ့ရကြောင်း၊ ပုံနှိပ် မီဒီယာများ ကျဆင်းလာရခြင်းကို သုံးသပ်ကြည့်ပါက ပုံနှိပ်သတင်းစာများ ရပ်တည်ရေးအတွက် အဓိက ဝင်ငွေကို သတင်းစာများ ရောင်းချခြင်းနှင့် သတင်းစာတွင် ဖော်ပြသည့် ကြော်ငြာများမှ ရရှိကြောင်း၊ ပြည်သူ အများစုက သတင်းအချက်အလက် ရှာဖွေ ဖတ်ရှုခြင်းကို ပုံနှိပ် မီဒီယာများထက် ဘက်ပေါင်းစုံမှာ သာလွန်ကောင်းမွန်သည့် အွန်လိုင်း မီဒီယာများပေါ်တွင် ပိုမို ပြုလုပ်လာကြသဖြင့် သတင်းစာ ရောင်းချရာမှ ရသည့် ဝင်ငွေ များစွာ ကျဆင်းနေကြောင်း၊ စီးပွားရေး ကြော်ငြာ အများစုကလည်း ကုန်ကျစရိတ်များစွာ သက်သာပြီး စည်းကမ်း တင်းကျပ်မှု လျော့နည်းကာ သုံးစွဲသူ လျင်မြန်စွာ တိုးပွားလာနေသည့် အွန်လိုင်း မီဒီယာများသို့ ပြောင်းရွှေ့သွားကြသည့်အတွက် ကြော်ငြာများမှ ရရှိသည့် ဝင်ငွေကလည်း များစွာ ကျဆင်းလာရခြင်း ဖြစ်ကြောင်း၊ အကျိုးဆက် အနေဖြင့် ပုံနှိပ် သတင်းစာများ စီးပွားရေး အရ မရပ်တည်နိုင်တော့ဘဲ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်း ရပ်တံ့သွား ခြင်း ဖြစ်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေလျက် ရှိသည့် နိုင်ငံပိုင် သတင်းစာများ သည်လည်း အဆိုပါ စိန်ခေါ်မှုကြီးကြောင့် ဝင်ငွေ များစွာ ကျဆင်းခဲ့ရကြောင်း၊ ကမ္ဘာတစ်ဝှမ်း ယခု ကဲ့သို ပုံနှိပ်မီဒီယာများ ကျဆင်းသွားရသည့် အကြောင်းရင်းကို ဆန်းစစ် ကြည့်မည် ဆိုပါက digital နည်းပညာ တစ်ဟုန်ထိုး တိုးတက်လာပြီး တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်သည်ကို သိရှိနိုင်ကြောင်း၊ အနာဂတ်တွင် နည်း ပညာများ ယခုထက် ပိုမို တိုးတက် ကောင်းမွန်လာမည် ဖြစ်သောကြောင့် ပုံနှိပ် မီဒီယာများ အနေဖြင့် ယခုထက် ပိုမို ကြီးမားသည့် နစ်နာ ဆုံးရှုံးမှုများ မလွဲမသွေ ကြုံတွေ့လာရမည် ဖြစ်ကြောင်း၊ ယခုနှစ်အစောပိုင်းက ကမ္ဘာအနှံ့ ပြန့်ပွားလာခဲ့သည့် COVID-19 ကူးစက် ကပ်ရောဂါ ဟန့်တား ကာကွယ်ရေး အတွက် သွားလာ နေထိုင်မှုကို ကန့်သတ်မှုများ ရှိလာခဲ့ခြင်းက နိုင်ငံတကာမှာ ပုံနှိပ်မီဒီယာများ၏ ကျဆင်း မှုကို ပိုမို လျင်မြန်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ အခြားတစ်ဘက်မှာ digital နည်းပညာ အခြေခံ သည့် အွန်လိုင်း မီဒီယာ ခေါ် New media မီဒီယာ အသစ်များ၏ အခန်းကဏ္ဍသည် ပိုမို ကျယ်ပြန့် လျက်ရှိပြီး ရှေ့ဆက်ပြီး အရေး ပါလာမည် ဖြစ်ကြောင်း၊ ထင်ရှားသည့် သာဓက တစ်ခုမှာ မြန်မာနိုင်ငံ တွင် လူကြိုက်အများဆုံး New media platform တစ်ခု ဖြစ်သည့် Face Book social media အသုံးပြုသူ ဦးရေသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လအကုန်တွင်  ၂၂ သန်း ကျော် ရှိခဲ့ရာက နောက် ခြောက်လ အကြာ ဇူလိုင်လ အကုန်၌ ၂၈ သန်းကျော်အထိ တိုးတက်လာ သည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာ၌ ပုံနှိပ်မီဒီယာ အများစုသည် မီဒီယာ အသစ်သို့ ကူးပြောင်း သွားကြောင်း၊ အချို့က ပုံနှိပ်မီဒီယာနှင့် မီဒီယာအသစ်ကို ပူးတွဲ လုပ်ကိုင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တွင် အွန်လိုင်းမီဒီယာ စတင်ထူထောင်ပြီး အောင်မြင်စွာ လည်ပတ်နေကြသည့် မီဒီယာ အချို့ကို တွေ့မြင်ရသကဲ့သို့ ယခု အထိ ကြံ့ကြံ့ခံ ရပ်တည်နေကြသည့် ပုံနှိပ် မီဒီယာ အချို့က မီဒီယာ အသစ် အဖြစ် ကူးပြောင်းရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသောကြောင့် ဝမ်းသာအားရ ဖြစ်မိကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီး ဌာန လက်အောက်ရှိနိုင်ငံပိုင် ပုံနှိပ် မီဒီယာများလည်း မီဒီယာ အသစ်ကို ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.