Connect with us

Politics, Law & Military

စီးပွားရေးပိတ်ဆို့မှုတွေကို မကြောက်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးပြော

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခ် ရစ်ရှ်နန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ယခင် အစိုးရ အဆက်ဆက်မှ ယနေ့အထိ ရှိနေဆဲ ဖြစ်သော စီးပွားရေး ပိတ်ဆို့ထားမှုများ နှင့် ပတ်သက်ပြီး ကြောက်ရွံ့မှုမရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

“ကျွန်မက စီးပွားရေး ပိတ်ဆို့မှုကို မကြောက်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ အကြောင်းရင်းရှိလို့သာ ပိတ်ဆို့တာဖြစ်ပြီး ပိတ်ဆို့ဖို့မလိုတော့ရင် အချိန်မီ ရုပ်သိမ်းသွား မယ်လို့ ယုံကြည်ထားလို့ပါ။ ဒါကြောင့် ဒီအချိန်မှာ Sanction ဟာ ပြသနာကြီး မဟုတ်ပါဘူး။ ကျွန်မတို့မှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အင်အား နဲ့နည်းလမ်းတွေ ရှိပါတယ်” ဟု သူမက ယနေ့ပြုလုပ်သော စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခ် ရစ်ရှ်နန် နှင့် ပူးတွဲ သတင်းစာရှင်းပွဲတွင် မီဒီယာသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံ ကဲ့သို့တိုးတက်စေရန် အချိန်မည်မျှ ယူရပါမည်နည်းဟူသော ဆင်ဟွာ၏ မေးခွန်း နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “စင်ကာပူလို ဖြစ်အောင် မလုပ်ပါဘူး။ ဒီနိုင်ငံက ဒီနိုင်ငံရဲ့ပုံစံနဲ့ပဲ တိုးတက်ရမှာပဲ။ ဒါပေမယ့် စင်ကာပူကို မီအောင် စင်ကာပူလို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတာ ဒီနိုင်ငံ ပုံစံနဲ့ပဲ လုပ်ရမယ်။ စင်ကာပူက သူ့နိုင်ငံပုံစံ နဲ့သူ တိုးတက်ဖွံ့ဖြိုးလာတယ်။ ဟုတ်ပြီ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အကျိုးပြု အောင်လုပ်ဖို့ကြိုးစားတဲ့ နေရာမှာ စင်ကာပူဟာ မိတ်ဆွေကောင်း တစ်ယောက် အဖြစ် ရပ်တည်သွားမယ်လို့ယုံကြည်ပါတယ်” ဟု ဖြေကြားခဲ့သည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခ် ရစ်ရှ်နန်က “မြန်မာနိုင်ငံက လူဦးရေလည်း စင်ကာပူထက်ပိုများတယ်။ နယ်မြေ ဧရိယာလည်း ပိုကျယ်တယ်၊ ကျွန်တော်တို့က မိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်တယ်။ သမိုင်းကြောင်း တစ်လျှောက် နီးနီးကပ်ကပ်နေကြသူတွေလည်း ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စိုက်ပျိုးရေး နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတွေမှာလည်း ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေ ကူညီ ပံ့ပိုးမှုတွေ ပေးသွားပါမယ်။ မြန်မာဟာ သမိုင်းကြောင်းရှည်လျားပြီး စိုက်ပျိုးရေးကောင်းတဲ့ သယံဇာတ ပေါများတဲ့ တိုးတက်ဖို့အခွင့်အလမ်းတွေ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ စင်ကာပူက မြန်မာနိုင်ငံကို မယှဉ်နိုင်သလို ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေလည်း မဟုတ်ပါဘူး” ဟု ပြောသည်။ အနာဂတ်တွင် မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံ၏ စီးပွား ပြိုင်ဘက် နိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ထားပါသလားဟူသည့် ဆင်ဟွာ ၏ အမေးကို ပြန်ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခ် ရစ်ရှ်နန်သည် မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် အနှစ် (၅၀) ပြည့် အထိမ်း အမှတ်နှင့် မိတ်ဆက်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နေပြည်တော်သို့ရောက်ရှိကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံအပြီး ၁၀း ၁၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး ပူးတွဲကာ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့်အနှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရေးကိစ္စ၊ နှစ်နိုင်ငံအကြား ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး နှင့် အခြေခံ အဆောက်အဦ တည်ဆောက်ရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ကုန်သွယ်မှုတိုးမြှင့်ရန် ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ (Xinhua)