Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်မှ စတင်၍ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ကော်မရှင် ကြေညာ

၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ မဲရေတွက်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ 

ယခုကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်း များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်မည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure – SOP)၊ သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးအလေးထားပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။  

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌  ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၉၆၉ ဦး ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ် အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)