Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို (၈) ကြိမ်မြောက် ဆွေးနွေးပွဲ၌ အပြီးသတ် လက်မှတ်ထိုးနိုင်ရန် နှစ်ဖက် ခေါင်းဆောင်များ ဆန္ဒရှိ

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် ညှိနှိုင်း အစည်းအဝေး ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး၌ အပြီးသတ် ဆွေးနွေး လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဖက် ခေါင်းဆောင်များ ဆန္ဒရှိကြောင်း ယနေ့ ဆွေးနွေးပွဲ ပထမနေ့ နှစ်ဖက် ခေါင်းဆောင်များ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသည်။

“ ဒီအစည်းအဝေးက နေပြီး နှစ်ဖက်စလုံးက ညှိနှိုင်းပြီး NCA ကို နောက်ဆုံးအနေနဲ့ အပြီးသတ်နိုင်ရန် မျှော်လင့်ထားပါတယ်”နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ယနေ့ ဆွေးနွေးပွဲ မိန့်ခွန်းတွင် ပြောကြားသည်။

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် ညှိနှိုင်း အစည်းအဝေး ပထမနေ့ မိန့်ခွန်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၏ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်နှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ၏ ခေါင်းဆောင် ပဒို နော်စီ ဖိုးရာစိန်၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်သော ဒေါက်တာ လဂျာ နှင့် ပူးဇင်ကျုံးတို့က ပြောကြားခဲ့ပြီး နှစ်ဖက် ခေါင်းဆောင်များမှ NCA ကို ယခု ဆွေးနွေးပွဲတွင် အပြီးသတ် ဆွေးနွေးနိုင်ရန် ဆန္ဒရှိကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးနေစဉ်အတွင်း ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် များတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကို စိုးရိမ် ပူပန်နေလျှက်ရှိပြီး တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန် အလေးအနက်ထား တိုက်တွန်း လိုကြောင်း၊ NCA လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်ရန် အရေးကြီးကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ၏ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်က ပြောကြားသည်။

“ဒီကာလ အတွင်းမှာ ခိုင်ခိုင်မာမာ သဘောတူညီချက် မရခဲ့ရင် နောင်အစိုးရပေါ် မူတည်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အသစ်ဖြစ် သွားနိုင်ပါတယ်၊ ဒီဆွေးနွေးပွဲကနေပြီး NCA လက်မှတ် ရေးထိုးနိုင်တဲ့အထိ ဆွေးနွေး သဘောတူညီမှု ရရှိရန် မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(SD) တို့သည် ယနေ့ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်း အစည်းအဝေးကို စတင် ဆွေးနွေးခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို အပြီးသတ်ရန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရာတွင် အစိုးရနှင့် တိုင်းရင်းသားများဘက်မှ မည်သူများ ပါဝင် လက်မှတ်ရေးထိုး မည်ကို ဆွေးနွေးရန်နှင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား များဘက်မှ အားလုံးပါဝင် နိုင်ရေးများကို ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်စာချုပ် (NCA) မူကြမ်းပါ အချက်အလက် အချို့ကို ပြင်ဆင် ဖြည့်စွက်ရန်အတွက် တိုင်းရင်းသားများဘက်မှ အဖွဲ့ဝင် ၁၅ ဦးပါ တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့( SD) ဇွန်လ ၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ (Xinhua)