Connect with us

Politics, Law & Military

တပ်မတော်လေယာဉ် ပျက်ကျမှု ဝမ်းနည်းကြောင်း အဆို ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဇွန်လ ၇ရက်က ထားဝယ်မြို့အနီး ပျက်ကျသွားခဲ့သော တပ်မတော် (လေ) သယ်ယူပို့ဆောင်ရေးလေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )

နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 200 F အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ မတော်တဆ ဖြစ်မှုနှင့် ပတ်သက်၍ သေဆုံးသွားသူများနှင့် ပျောက်ဆုံးသွားသူများ၏ မိသားစုများ ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ ထပ်တူထပ်မျှ ပူဆွေးဝမ်းနည်း ကြေကွဲရပါကြောင်း အဆိုကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ခိုင်ဖြိုးပါတီတို့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော် နာယက က တစ်ဖွဲ့ကို အဆိုတင်သွင်းစေပြီး တစ်ဖွဲ့ကို ထောက်ခံစေ ခဲ့သည်။

ထို့ကြောင့် ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်ကြီးတံခွန် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးကျော်စိုးလင်းက တင်းသွင်းခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က ထောက်ခံဆွေးနွေးကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ပြီးနောက် ကိုယ်စားလှယ်အားလုံးကလေယာဉ်ပေါ်လိုက်ပါခဲ့သော သေဆုံးသူများအတွက်ဝမ်းနည်းသောအားဖြင့် နှစ်မိနစ် မတ်တပ်ရပ် ငြိမ်သက်ခဲ့ကြသည်။

တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်သည် စစ်သည် မိသားစု ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာပြီး အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းနေစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ် အချိန်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၃၃ မိုင်ခန့် အရောက်၌ ထားဝယ် လေဆိပ်နှင့် အဆက်အသွယ် ရရှိပြီး နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လေယာဉ် ပျက်ကျမှုကို အတည်ပြု နိုင်ခဲ့သော်လည်း မည်သည့်အကြောင်းပြချက်ကြောင့် ပျက်ကျသည်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး အမျိုးသား အလောင်း နှစ်ခု၊ အမျိုးသမီး အလောင်း ၂၁ ခု၊ ကလေး အလောင်း ရှစ်ခုတို့ကို ရှာဖွေ တွေ့ရှိ ထားပြီး ဖြစ်ကြောင်း ဦးမောင်မြင့်က လွှတ်တော်တွင်း၌ ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အဆိုကို ထောက်ခံဆွေးနွေးသူ ဦးမောင်မြင့်က “ဒီလေယာဉ်ကြီးဟာ တော်တော်လေး သစ်တဲ့ လေယာဉ်လို့ ပြောလို့ရပါတယ်။ တရုတ် နိုင်ငံက ဝယ်ယူခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ တပ်တော်ဝင် ပြုလုပ်တာ ဖြစ်ပါတယ်။ ပျံသန်းချိန်မှ စုစုပေါင်း ၈၀၉ နာရီပဲ ရှိပါသေးတယ်။ အဲဒီလေယာဉ်ကို မောင်းနှင်ခဲ့သူတွေကလည်း အင်မတန်မှ အတွေ့အကြုံ ရင့်ကျက်သူတွေ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.