Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၄လကျော် ရပ်ဆိုင်းပေးမည်ဟု ထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အားတွေ့ရစဉ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တပ်မတော်အနေဖြင့် ယခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်တိုင်းကြီးငါးခု၌ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ တပ်လှုပ်ရှားမှု ရပ်ဆိုင်း ထားသည့်ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးသည့်နည်းတူ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်အနက်မှ (၄)ချက်ဖြစ်သည့် သဘောတူစာချုပ်များအတိုင်းကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် နိုင်ငံတော်ကထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကိုလိုက်နာရန်တို့ လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နယ်မြေများအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ယင်းတို့၏မူလနေရပ်များသို့ အမြန်ဆုံး ပြန်လည်ရွှေ့ပြောင်း နေရာချပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး တပ်မတော်ကလိုအပ်သလို ပူးပေါင်းကူညီစောင့်ရှောက် ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.