Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့တွင် အောင်မြင်မှုရရှိစေရန် ရွေးချယ်ခံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအပိုင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအပိုင်းတို့တွင် အောင်မြင်မှုရရှိစေရန် တပ်မတော်အနေဖြင့် ရွေးချယ်ခံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Pisanu Suvanajata အား ယနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် အထက်ပါ အတိုင်းပြောကြားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု သိသာစွာ တိုးတက်လုပ်ဆောင်နိုင်မှု အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ယင်းအချိန်ကာလအတွင်း မိမိနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်ပြောင်းလဲခဲ့ချိန်ဖြစ်၍ အခက်အခဲများနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရ ကြောင်း၊ ယခု ဒုတိယသက်တမ်းကာလသို့ ရောက်ရှိပြီဖြစ်၍ အတော်အတန် တည်ငြိမ်မှုရရှိပြီဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပိုမိုတိုးတက်ကောင်းမွန်လာသည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး သည်လည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါပြီး အထောက်အကူ ဖြစ်စေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား၊ ပြည်သူလူထုများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ အောင်မြင်ရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ တပ်မတော်၏တာဝန်ထမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် သတင်းဖလှယ်မှု၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းတားဆီးနှိမ်နှင်းရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Pisanu Suvanajataက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.