Connect with us

Politics, Law & Military

တရားမဝင် လိုင်စင်မဲ့လက်နက်/ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ မော်တော်ယာဉ်များ လက်ဝယ်ထားရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရားမဝင် လိုင်စင်မဲ့လက်နက်/ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ မော်တော်ယာဉ်များ လက်ဝယ်ထားရှိခြင်းမပြုဘဲ သက်ဆိုင်ရာသို့ အပ်နှံကြရန်နှင့် တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုသဖြင့် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိရန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်ထဲရေးဝန်ကြီးဌာန(လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့)သို့ တင်ပြလျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိကြောင်း၊ အလားတူ ဆက်သွယ်ရေးစက်များကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထား၍ လိုင်စင်ရရှိမှသာ ကိုင်ဆောင်ခွင့်ရှိကြောင်း သိရသည်။

လိုင်စင်မဲ့စီးနင်းကိုင်ဆောင်လျက်ရှိသော ယာဉ်၊ လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်း များနှင့် တရားမဝင် ဆက်သွယ်ရေးပစ္စည်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိရာ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက် ညနေတွင် နေပြည်တော်မှ ရန်ကုန်သို့ MNA လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်သုံးဦး၏ ခရီးဆောင်အိတ်များအတွင်းမှ ပစ္စတိုနှစ်လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက် သုံးလုံးနှင့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊ ဆက်လက်၍ နေပြည်တော်နှင့် ရန်ကုန်ရှိ ၎င်းတို့နေသည့်နေရာများအား စစ်ဆေးရှာဖွေခဲ့ရာ နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် အရေအတွက် အပါအဝင် စုစုပေါင်း ပစ္စတိုသေနတ် ၁၃ လက်၊ ရိုင်ဖယ်သေနတ် ခြောက်လက်၊ Gasဖြင့် ဘောစေ့ထည့်ပစ်ခတ်သော ရိုင်ဖယ် တစ်လက်၊ ပစ္စတို သုံးလက်၊ ဆက် သွယ်ရေးစက် ၃၄ လုံး၊ ခဲယမ်းများအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ် တစ်စီးကို သိမ်းဆည်းရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီး အရေးယူလျက်ရှိကြောင်း သိရသည်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့် ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ထက်မနည်း (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်များ (ယာယီ) ပြင်ဆင်ချက်အက်ဥပဒေ ပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်ထက်မနည်း (၇)နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ ဆက်သွယ်ရေးစက်များကို လိုင်စင်မရှိဘဲ တရားမဝင်ကိုင်ဆောင် လက်ဝယ်ထားရှိ(သို့မဟုတ်) အသုံးပြုပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။ ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ မော်တော်ယာဉ် များကို လိုင်စင်မရှိဘဲ တရားမဝင်လက်ဝယ်ထားရှိ (သို့မဟုတ်) အသုံးပြုပါက (၃)နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ တရားမဝင် လက်ဝယ်ထားရှိသော လက်နက်/ခဲယမ်းများ၊ ဆက် သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူး ရုံးများသို့ အမြန်ဆုံးလာရောက်အပ်နှံကြပါရန်နှင့် လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိပါက တရားဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.