Connect with us

Politics, Law & Military

တိုင်ကြားမှ တင်ပြမှ ဆောင်ရွက်တာမျိုးမဟုတ်ဘဲ တာဝန်သိသိ ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာကြား

တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့်မှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရ ကိုယ်စား လုပ်ငန်း နယ်ပယ် အသီးသီးတွင် တာဝန်ယူ ထမ်းဆောင်နေကြသည့် အစိုးရ ဌာန အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများသည် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန် များကို ပြည်သူအများက တိုင်ကြားမှ၊ တင်ပြမှ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ တာဝန်သိသိ ဆောင် ရွက် ကြဖို့ လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ ပြောကြားခဲ့သည်။

“ဝန်ထမ်းများဟာ ပြည်သူကို အလုပ်အကျွေးပြုရတဲ့ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်တာကို မမေ့ဖို့နဲ့ ကိုယ်ကျိုး မကြည့်ဘဲ စိတ်ကောင်း စေတနာကောင်းကို အခြေခံပြီး ဆောင်ရွက်စေချင်ပါတယ်၊ ဒါ့အပြင် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကို ပြည်သူအများက တိုင်ကြားမှ၊ တင်ပြမှ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ တာဝန်သိသိ ဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ပြုလုပ်သော “ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ” အဖွင့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံသို့ တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

အုပ်ချုပ်မှုဆိုင်ရာ ကျင့်စဉ်များ တိုးတက်လာစေရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဖြစ်စေ၊ တင်ပြ တိုင်တန်းမှုများကို လက်ခံ ဆောင်ရွက်ရာတွင် ဖြစ်စေ နိုင်ငံ ဝန်ထမ်းများသည် တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှု ရှိဖို့ လိုအပ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ထို့အပြင် တရားစီရင်ရေးဆိုင်ရာကဏ္ဍ၏ တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှာ သက်ဆိုင်ရာ တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို ဒီနှစ်ပိုင်း အတွင်းမှာ ထုတ်ပြန်နိုင်ခဲ့ကြပါတယ်၊ အဲဒီ ကျင့်ဝတ်တွေကို မိမိတို့လုပ်ငန်း နယ်ပယ် အသီးသီးမှာ တိကျစွာ အပြည့်အ၀ အကောင်အထည်ဖော်ဖို့နဲ့ အများပြည်သူက သိရှိ နားလည်လာစေဖို့အတွက် ဆက်လက် ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်” ဟု လမ်းညွှန်ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံသို့ တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍ ပြုပြင် ပြောင်းလဲမှုသည် နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းတစ်ရပ် ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ် အေားချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးပါ သည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်း များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ များတွင် ပါဝင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန- အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့မှ တာဝန်ရှိသူများ၊ ရှေ့နေများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပူးပေါင်း ဆောင်ရွက်နေကြသည့် UNDP, IDLO, USAID, Denmark, JICA, MyJustice စသည့် အဖွဲ့အစည်းများ၊ ကူညီ ပံ့ပိုးကြသည့် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ အားလုံး ဟန်ချက်ညီညီ ပေါင်းစပ် လုပ်ကိုင်ကြဖို့ တိုက်တွန်းလိုကြောင်း လည်း ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံသို့ တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ၌ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြခန်းများကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ လှည့်လည်ကြည့်ရှု့စဉ် (ဆင်ဟွာ)

တရားဥပဒေ စိုးမိုးရေး ပိုမို အားကောင်း ခိုင်မာလာစေရေးအတွက် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ နည်းလမ်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ ၇ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်သော အဆိုပါ ညီလာခံ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့်အမှာ စကား ပြောကြားအပြီးတွင် တရားမျှတရေး ကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကြိုဆို နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များ၏ လုပ်ဆောင်မှုများအား ဗီဒီယိုဖြင့် တင်ပြခြင်း၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းများ ဆက်လက် ပြုလုပ်ကြပြီး နိုင်ငံတော် အတိုင်ပင်ခံနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ညီလာခံအတွင်း ပြသထားသော တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ညီလာခံကို နောက်တစ်နေ့ နံနက် ၁၁ နာရီမှ ညနေ ၅ း ၀၀ အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.