Connect with us

Politics, Law & Military

တိုင်းရင်းသားများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မည်ဟု မျှော်လင့်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ တတိယ ညီလာခံ ဖွင့်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နေပြည်တော် MICC II တွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ တတိယ ညီလာခံသည် တိုင်းရင်းသားများ အကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် အားသာချက်များ ၇ှိသည်ဟု ညီလာခံသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်တို့က သုံးသပ်ပြောကြားကြသည်။

“’ဒီညီလာခံရဲ့ အားသာချက်က NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း တက်လာကြတယ်။ တက်လာပြီး ညီလာခံမှာ ဘေးတိုက် (sideline) ဆွေးနွေးးပွဲတွေ အများကြီး ရှိပါတယ်။ သူတို့ ဝင်ပြီးဆွေးနွေးကြမယ်၊ ဒီလိုနဲ့ယုံကြည်မှုတွေကို ဒီမှာ ပြန်ပြီး တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်” ဟု UPDJC အတွင်းရေးမှူး တစ်ဦးလည်းဖြစ်သည့် ညီလာခံ ကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောသည်။

“NSCN-K (နာဂအဖွဲ့) ကိုလည်း လေ့လာသူအနေနဲ့ UPDJC က ဖိတ်ကြားခဲ့ပြီး သူတို့လည်း တက်လာ ပါတယ်။ဒီညီလာခံမှာ တက်ရောက်လာတဲ့အဖွဲ့က လေးပိုင်း ရှိပါတယ်။ တစ်က လက်မှတ်ရေးထိုးထား တဲ့ ဆယ်ဖွဲ့နဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရးပါတီ ကိုယ်စားလှယ်တွေ ပါတဲ့ ညီလာခံ ကိုယ်စားလှယ်များပါ၊ နောက်တစ်ခုက လက်မှတ်ရေးထိုးမထားတဲ့ ရှစ်ဖွဲ့ကိုတော့ ညီလာခံ တက် ရောက်သူများ ဆိုပြီး ဒုတိယအဆင့် အနေနဲ့ ဖိတ်တာပါ။ တတိယအပိုင်းက NSCN-K အပါအဝင် လေ့လာသူများ ဆိုပြီး တက်ရောက်လာသူတွေပါ နောက်ဆုံးကတော့ သီးခြား ဖိတ်ထားတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များ ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

ညီလာခံဖွင့်ပွဲသို့ ကိုယ်စားလှယ်က ၇၅၀ ဦး၊ လေ့လာသူက ၁၇၀ ဦး၊ လက်မှတ်မထိုးထားသော အဖွဲ့ ရှစ်ဖွဲ့က အဖွဲ့ဝင်များ ၊ နိုင်ငံတကာ ဧည့်သည်များအပါအဝင် တက်ရောက်သူ ၁၁၀၀ ဦးခန့်ရှိကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ညီလာခံတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ ပြောကြား ခဲ့သော အဖွင့်မိန့်ခွန်းများတွင် ၂၀၂၀ မတိုင်မီ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်မည်ဟူသည့် စကားများကြောင့်လည်း ယခု ညီလာခံအပေါ် များစွာ ယုံကြည်မျျှော်လင့်မိကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလျန် မှုန်းဆာခေါင်း က ပြောခဲ့သည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း ပြောသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောသွားတယ်၊ အဲဒီစကားဟာ ကျွန်တော်တို့အတွက် မင်္ဂလာ အရှိဆုံး စကားပါပဲ။ တပ်မတော် ဘက်ကရော အစိုးရဘက်ကရော ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်း ရေးကို မရမက ဆောင်ရွက်မယ် ဆိုတာ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေက ဖက်ဒရယ် ပြည်ထောင်စုမူနဲ့ ပတ်သက်လို့ရှိရင် ဘာတွေ ဖြစ်သင့်သလဲ။ ဒီမိုကရေစီမှုနဲ့ ဆိုရင် ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး တင်ပြပြီးသား ဖြစ်တယ်။ အဲဒီအပေါ်မှာ အစိုးရနဲ့ တပ်မတော်က ညှိနှိုင်း ပြီးတော့ ကျွန်တော်တို့ကို ဘယ်အတိုင်းအတာအထိ လက်ခံနိုင်သလဲ၊ ဘယ်အတိုင်းအတာ အထိကတော့ ခန စောင့်ရမယ် စသည်အားဖြင့် အစိုးရနဲ့ တပ်မတော်ဟာ တစ်သံတည်းနဲ့ တုံ့ပြန်နိုင် တယ်ဆိုရင် ၂၀၂၀ မှာ ဘာမှ မလုပ်နိုင်စရာ အကြောင်း မရှိဘူး၊ အဓိကကတော့ အစိုးရနဲ့ တပ်မတော်ကနေ တူညီတဲ့ အသံနဲ့ စကားပြောဖို့ ကတော့ အင်မတန်မှ အရေးကြီးတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ တပ်မတော်နဲ့ အစိုးရဘက်က ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို တိတိကျကျနဲ့ တုံ့ပြန်နိုင်မယ်၊ ဒီလောက်တော့ တူညီနိုင်တယ် ဆိုတဲ့ အမြင်ကို နှစ်ဘက်စလုံးက တစ်သံတည်းထွက်ရင် ၂၀၂၀ မှာ ငြိမ်းချမ်းရေး ရကိုရမယ်လို့ယုံကြည်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ညီလာခံသို့တင်သွင်း ဆွေးနွေးမည့် အချက် ၁၄ ချက်ရှိပြီး နိုင်ငံရေး ကဏ္ဍမှ လေးချက်၊ စီးပွားရေး ကဏ္ဍမှ တစ်ချက်၊ လူမှုရေးမှ ခုနစ်ချက်၊ မြေယာနှင့် သယံဇာတ ကဏ္ဍမှ နှစ်ချက် ရှိကြောင်း၊ လုံခြုံရေး ကဏ္ဍကို ဆွေးနွေးသွားမည် ဖြစ်သော်လည်း သီးခြား ခေါင်းစဉ် ယခုချိန်အထိ ဆုံးဖြတ်ထားတာ မရှိသေးကြောင်း၊ သို့ရာတွင် လုံခြုံရေး ကဏ္ဍအား အစုအဖွဲ့လိုက် ဆွေးနွေးခြင်း၊ ကဏ္ဍအလိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့မှာ ခန်းမထဲမှာ နေ့လယ်ပိုင်းမှာ စုံညီ။ ညနေပိုင်းမှာ အစု ငါးစုက သက်ဆိုင်ရာ အခန်းတွေမှာ ဆွေးနွေးကြမယ်။ ဒုတိယနေ့မှာ အဲဒီ အစုအဖွဲ့တွေက သက်ဆိုင်တဲ့ အခန်း တွေမှာ ဆက်ဆွေးနွေးမယ်။ တတိယနေ့ကျတော့ ကဏ္ဍအလိုက် ကဏ္ဍကြီး ငါးခု– နိုင်၊ စီး။ လူ၊ လုံ၊ မြေ.. ကို ကိုယ်စားလှယ်တွေ အားလုံးက ဆွေးနွေးမယ် ။ စတုတ္ထနေ့မှာ အစုအလိုက် တစ်ခါ ပြန်ပြီး ဆွေးနွေးမယ်။ ပဉ္စမနေ့မှာေတော့ ညီလာခံ ကိုယ်စားလှယ်တွေက လေ့လာရေးနဲ့ နားနားနေနေ နေကြမယ်။ အဲဒီနေ့မှာ UPDJC အစည်းအဝေးရှိပါတယ်။ Union Accord Part – 2 ကို လက်မှတ်ရေးထိုးဖို့နဲ့ညီလာခံရဲ့ နောက်ဆုံးနေ့ အခမ်းအနားတွေ ပြင်ဆင်ဖို့ရှိလို့ပါ။ဇူလိုင် ၁၆ရက်နေ့ နောက်ဆုံးနေ့ကတော့ Union Accord part – 2 လက်မှတ်ရေးထိုးမယ်”ဟု ဆွေးနွေးမည့် အစီအစဉ်ကို ဦးလှမောင်ရွှေက ရှင်းပြခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံများကို ၂၀၂၀ နှစ်မကုန်မီ အပြီး ကျင်းပသွားရန် လျာထားပြီး ၂၀၁၈ ဒီဇင်ဘာ လ တွင် တစ်ကြိမ်၊ ၂၀၁၉ ထဲတွင် နှစ်ကြိမ်– စုစုပေါင်း သုံးကြိမ်သာ ကျန်၇ှိကြောင်း၊ အဆိုပါ သုံးကြိမ် အတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်မူတို့၏ အခြေခံ သဘောတူညီချက်များ ချမှတ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရက မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.