Connect with us

Politics, Law & Military

တောင်ငူခရိုင်အတွင်းရှိ စွန့်လွှတ်မြေ ၄၈၁ ဧကကျော်အား မူလတောင်သူ ၁၂၃ဦးထံ ပြန်လည်ပေး

တောင်ငူခရိုင် အတွင်းရှိ စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ပွဲ ကျင်းပစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တောင်ငူခရိုင် အတွင်းရှိ စွန့်လွှတ်မြေ (၄၈၁ ဒသမ ၉၃)ဧကအား မူလတောင်သူများ လက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြေယာမားပြန်လည်ပေးအပ်သော အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ပြန်လည် စွန့်လွှတ်မြေ ဧရိယာ (၄၈၁ ဒသမ ၉၃)ဧကအား မူလတောင်သူ ၁၂၃ ဦးသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃)များ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သိမ်းဆည်းမြေဆိုင်ရာ အမှုတွဲများ အမြန်ပြီးပြတ်အောင် ဖြေရှင်းနိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အဆင့်အထိ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း တာဝန်ပေးအပ်ကာ သိမ်းဆည်းမြေပေါ်တွင် စီမံကိန်းအကောင်အထည်ဖော်၍ အမှန်တကယ် အသုံးချမှု ရှိ၊မရှိ၊ သိမ်းဆည်းထားသော မြေများကို ဒေသဖွံ့ဖြိုး တိုးတက်မှုအတွက် အသုံးချမှု ရှိ၊မရှိနှင့် မြေဧကများစွာ လွှဲပြောင်းရယူထားသော်လည်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတော်နှင့် အများပြည်သူ အတွက် အကျိုးမဲ့ဖြစ်နေသည့် မြေများကိုစိစစ်ပြီး မူလပိုင်ရှင် အစစ်အမှန်များကို မြေယာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒုတိယ သမ္မတက ဆိုသည်။

အဆိုပါ အခမ်အနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဒုတိယဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ပြန်လည်စွန့်လွှတ်သည့်မြေများ လက်ခံရယူသည့်တောင်သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.