Connect with us

Politics, Law & Military

ဓါတုလက်နက် တားဆီး ပိတ်ပင်သော စာချုပ်ဝင်နိုင်ငံအဖြစ်သို့မြန်မာနိုင်ငံမှ အတည်ပြုပါဝင်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ဓါတုလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုပါဝင်ခြင်း အခမ်းအနားတွင် လက်မှတ် ရေးထိုးနေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ဓါတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြု ပါဝင်သည့် စာချွန်လွှာကို ဇူလိုင်လ ၈ ရက်တွင် နယူးယောက်မြို့၌ ပေးအပ်ခဲ့ပြီး ရက်ပေါင်း ၃ဝ ပြီးမြောက်သည့် ရက်တွင် မြန်မာနိုင်ငံအတွက် စာချုပ်စတင် အာဏာသက်ဝင်ပြီး စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဟု သိရသည်။

ထိုကဲ့သို့စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည် ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်းနှင့် ဓါတုလက်နက် ကင်းစင်သည့် ကမ္ဘာကြီးတစ်ခု ဖြစ်လာရေးအတွက် ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဇူလိုင်လ ၉ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်သ်မြို့၌ ကျင်းပ ပြုလုပ်လျက်ရှိသည့် (၇၉) ကြိမ်မြောက် ဓါတု လက်နက်တားဆီး ပိတ်ပင်ရေးအဖွဲ့၊ အမှုဆောင် ကောင်စီအစည်းအဝေးတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဓါတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုပါဝင် ခြင်းဖြင့် နိုင်ငံတကာ စံနှုန်းများဆိုင်ရာ ပင်မရေစီးကြောင်းတွင် ပါဝင်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခြင်း၊ လက်နက် ဖျက်သိမ်းရေးဆိုင်ရာ အခြေခံမူများနှင့် သဘောထားများအား လိုက်နာမှုရှိခြင်း၊ နိုင်ငံများအကြား ယုံကြည်မှု တိုးပွားစေခြင်း စသဖြင့် နိုင်ငံတော်၏ ပုံရိပ်ကို ပိုမိုတိုးတက်လာမည်ဖြစ်သည်။

လုံခြုံရေးရှုထောင့်အရ နိုင်ငံအား ဓါတုလက်နက်ဖြင့် အသုံးပြု တိုက်ခိုက်ခြင်းခံရပါက စာချုပ်ဝင်နိုင်ငံများထံမှ အကူအညီများရရှိမည် ဖြစ်သည်။ ထို့အပြင် ပြည်တွင်းဓါတု စက်မှုလုပ်ငန်းများ အတွက် လိုအပ်သော ဓါတုပစ္စည်းများ၊ ပစ္စည်းကိရိယာများ၊ နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များ စသည်တို့အား တင်သွင်းခြင်း၊ လွှဲပြောင်းခြင်း၊ ဖလှယ်ရယူခြင်းတို့တွင်လည်း အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်သည်။ စာချုပ်ဆိုင်ရာ အဖွဲ့အစည်း တွင်လည်း မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိရေးကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဓါတုလက်နက် စာချုပ်နှင့်ပတ်သက်၍ စာချုပ်သို့ အတည်ပြု ပါဝင်နိုင်ရန် အသိပညာပေးနှင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဆင့်ဆင့်ကို ပြုလုပ်ခဲ့သည်။ နိုင်ငံ၏ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးသည် စာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ နည်းပညာပိုင်းများ ကြေညက်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကလည်း ယင်းစာချုပ်သို့ အတည်ပြုပါဝင်ရန် သဘောတူခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် ဤစာချုပ် လက်မှတ် ရေးထိုးရန် စတင်ဖွင့်လှစ်ပြီး တစ်ရက်အကြာ ၁၉၉၃ ခု ဇန်နဝါရီလ ၁၄ ရက်တွင် ကနဦး ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပြည်တွင်း ဦးစားပေး အခြေအနေများနှင့် စွမ်းဆောင်ရည် အကန့်အသတ်များ ကြောင့် ယခုစာချုပ်သို့ အတည်ပြု ပါဝင်နိုင်ရေးအတွက် အချိန်ယူ ဆောင်ရွက် ခဲ့ရသည်ဟု သိရသည်။

၂၀၁၅ ခု ဇူလိုင်လ ၉ ရက်နေ့အထိ ဓါတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်သို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၉ဝ) မှ အတည်ပြု ပါဝင်ထားပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.