Connect with us

Politics, Law & Military

နိုင်ငံခြားသားများ အိမ်ခန်းပိုင်ဆိုင်နိုင်မည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ ဒီဇင်ဘာလ ၇ ရက်နေ့ တွင် ထွက်ရှိ၊ တရားလွှတ်တော်ရှေ့နေဦးနိုင်လင်းဇော် နှင့် တွေ့ဆုံခြင်း

တရားလွှတ်တော်ရှေ့နေဦးနိုင်လင်းဇော်အားတွေ့ရစဉ် (ဓာတ်ပုံ--ဦးနိုင်လင်းဇော် Facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုအဆောက်အဦးများကို ဝယ်ယူခွင့်ရရှိမည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ အား၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက် နေ့တွင် ထုတ်ပြန်လိုက်သည်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၂၉ရက်နေ့တွင် ပြဌာန်းခဲ့သော်လည်း နည်းဥပဒေ မထွက်သေးသောကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့သည်။ နည်းဥပဒေ ပါ ထွက်ရှိပြီဖြစ်သည့် အတွက် ၎င်း နည်းဥပဒေအရ နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုအခန်းများဝယ်ယူသည့်အခါ မည်သို့ သတ်မှတ်ထားသနည်း။ မည်သည့်ပြဌာန်းချက်များပါရှိသည် ကို တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော် အား ဆင်ဟွာမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည့် အချက်များထဲ မှ အချို့ကို ကောက်နှုတ်ဖော်ပြပါသည်။

မေး။ ။စုပေါင်းအဆောက်အအုံဆိုင်ရာ နည်းဥပဒေ က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထွက်လာပြီ ဆိုတော့ နိုင်ငံခြားသားတွေ ဒီဥပဒေအရ အိမ်ဝယ်ခွင့် ရရှိနိုင်ပြီလား ။ ဘယ်နေ့ က စပြီး ဒီဥပဒေ အသက်ဝင်သလဲ

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။ယေဘုယျအားဖြင့် ဥပဒေတစ်ရပ်တွင် အာဏာတည်စေရမည့် နေ့ရက်ကို သီးခြား ဖော်ပြပါရှိခြင်းမရှိလျှင် ထုတ်ပြန်ပြီးသည်နှင့်အာဏာတည်ပါတယ်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ရခြင်းမရှိသေးသည့် အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲများ ရှိခဲ့ပါတယ်။ ယခု ၂၀၁၇ ခုနှစ် နည်းဥပဒေ ထွက်ရှိပြီးနောက်ပိုင်းတွင် ဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ နိုင်ငံခြားသားတွေက စုပေါင်းပိုင်အဆောက်အအုံ အိမ်ခန်းတွေကိုဝယ်ယူခွင့်ရှိပါတယ်။

မေး။ ။နိုင်ငံခြားသားတွေ အထပ်မြင့်ဝယ်တဲ့ အခါ ဥပဒေ အရ ဘယ်လို အထပ်မြင့်မျိုးတွေက အကျူံးဝင်ပါသလဲ

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။နိုင်ငံခြားသားတွေ အထပ်မြင့်ဝယ်တဲ့အခါမှာ အိမ်ခန်းသည် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားတဲ့ အိမ်ခန်းဖြစ်ရပါမယ်။ စုပေါင်းပိုင်အဆောက်အအုံဆိုတာနဲ့ပတ်သက်ပြီး ဥပဒေပုဒ်မ – ၂(က) မှာ ပြဌာန်းထားတာက မှတ်ပုံတင်ထားတဲ့စုပေါင်းပိုင်မြေမှာ စုပေါင်းပိုင်အဆောက်အအုံအဖြစ်ဆောက်လုပ်ထားတဲ့ ၆ ထပ်နှင့်အထက် ရှိတဲ့အထပ်မြင့်အဆောက်အအုံကို စုပေါင်းပိုင်အဆောက်အအုံလို့ သတ်မှတ်ပါတယ်။ စုပေါင်းပိုင် အဆောက်အအုံဖြစ်ဖို့ရာ မှာ

(၁) မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေမှာ ဆောက်လုပ်ထားရပါမယ်။

(၂) စုပေါင်းပိုင်အဆောက်အအုံအဖြစ်ဆောက်လုပ်ထားရပါမယ်

(၃) ၆ ထပ်နှင့်အထက်ရှိရပါမယ်။

ပုဒ်မ ၂ (က) ပါ စုပေါင်းပိုင်မြေဆိုတာနဲ့ပတ်သက်ပြီးတော့ ပုဒ်မ (၁၀) နဲ့ ယှဉ်တွဲကြည့်ဖို့လိုပါမယ်။

ဥပဒေပုဒ်မ ၁၀ (က) အရ မှတ်ပုံတင်လိုတဲ့မြေသည် ဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိရပါမယ်။ ပိုင်ဆိုင်ခွင့် လွဲှပြောင်းနိုင်သောမြေအမျိုးအစားဖြစ်ရပါမယ်။

ဥပဒေပုဒ်မ ၁၀ (ခ) အရ မြေလက်ရှိပိုင်ဆိုင်သူက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့် လွဲှပြောင်းပေးပြီးဖြစ်ရပါမယ်။

ဥပဒေပုဒ်မ ၁၀ (ဂ) အရ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ညီညွတ်ရပါမယ်။

ဥပဒေပုဒ်မ ၁၀ (ဃ) အရ မြေဧရိယာသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်ရှိရပါမယ်။ မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေဖြစ်လာဖို့ရာမှာလည်း အထက်ပုဒ်မ ၁၀ ပါ ပြဌာန်းချက်များနဲ့ ညီညွတ်ရမှာဖြစ်ပါတယ်။ လတ်တလောကာလမှာ ကွန်ဒိုလို့အမည်တပ်ထားပေမယ့် မြေဧရိယာ စုစုပေါင်း စတုရန်းပေ ၂၀၀၀၀ အထက် ရှိတဲ့မြေ ပေါ်မှာ ဆောက်လုပ်ထားခြင်း မဟုတ်တဲ့ အဆောက်အအုံ များစွာရှိပါတယ်။

မေး။ ။ နိုင်ငံ့ခြားသားများက မြို့နယ် မှာ တိုင်း အဆောက်အဦးတွေ ဝယ်ခွင့် ရှိပါသလား၊ ဝယ်ခွင့် ရှိတဲ့ မြို့နယ်ရယ်လို့ သတ်မှတ်ချက်ရှိသလား

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။ဥပဒေ နည်းဥပဒေများအရတော့ သတ်မှတ်ချက်မတွေ့ပါဘူး။ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟုလည်း မတွေ့ရှိရသေးပါဘူး။

မေး။ ။နိုင်ငံခြားသားတစ်ယောက် က အိမ်ခန်း ဘယ်နှစ်ခန်းအထိ ဝယ်ယူခွင့် ရှိပါသလဲ။ ဝယ်ယူနိုင်တဲ့ အခန်းအရေအတွက် ကန့်သတ်ချက်ရှိပါသလား။

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။ဥပဒေ ပုဒ်မ ၂၆(ဃ) နှင့် နည်းဥပဒေ ၃၄ အရ စုပေါင်းပိုင်အဆောက်အအုံတစ်လုံးရဲ့ ရောင်းချ၍ရသော စုစုပေါင်းကြမ်းခင်း ဧရိယာ၏ ၄၀ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းများကို နိုင်ငံခြားသားများကို ရောင်းချနိုင်ပါတယ်။

နည်းဥပဒေ – ၃၇ အရ စုပေါင်းပိုင်အဆောက်အအုံရှိအိမ်ခန်းများ၏ ၂၅ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကိုသာ ဝယ်ယူသူတစ်ဦးတစ်ယောက်တည်း အမည်နဲ့ မှတ်ပုံတင်ခွင့်ရှိပါတယ်။ ဒီနည်းဥပဒေကတော့ နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ ခွဲခြားဖော်ပြမထားပါ။ မည်သူမဆိုဖြစ်ပါတယ်။ ပြဌာန်းချက်များအရ အဆောက်အအုံတစ်လုံးမှာ လူတစ်ယောက်အမည်နဲ့ ၂၅% ထက်မပိုတဲ့အခန်းတွေကိုမှတ်ပုံတင်ခွင့်ရှိတယ်လို့သဘောပေါက်ပါတယ်။ အဖေ့နာမည်နဲ့ ၂၅% သားနာမည်နဲ့ ၂၅% ဆိုတာတွေဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားသားများအနေနဲ့ အဆောက်အအုံတစ်လုံးမှာ ၂၅% ထက်မပိုတဲ့အိမ်ခန်းတွေအတွက် သူ့အမည်နဲ့မှတ်ပုံတင်ခွင့်ရှိပါတယ်။ သီးခြားဖြစ်တဲ့ စုပေါင်းပိုင် အဆောက်အအုံတစ်ခုမှာ ဆိုရင်လည်း ဒီအတိုင်းပဲလို့ သဘောပေါက်ပါတယ်။

မေး။ ။နိုင်ငံခြားသားများအနေ နဲ့ ဝယ်ယူထားတဲ့ အခန်းကို ပြန်လည်ရောင်းချခွင့်၊ အငှားချခွင့်ရော ရှိပါသလား။

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။ဥပဒေပုဒ်မ ၂၆ နှင့် နည်းဥပဒေ ၄၆ တို့အရ နိုင်ငံခြားသားသည် စုပေါင်းပိုင်သူ၏အခွင့်အရေးများ ရထိုက်ခွင့်ရှိပါတယ်။ ပြန်လည် ရောင်းချခွင့်၊ အငှားချခွင့်၊ ခွင့်ပြုချက်ဖြင့်ထားပိုင်ခွင့်၊ ပေါင်နှံခွင့်ရှိပါတယ်။ နည်းဥပဒေ ၄၇ အရ နိုင်ငံခြားသားကွယ်လွန် (သို့မဟုတ်) ပြည်နှင်ဒဏ်ခံရရင် ဥပဒေအရ ဆက်ခံပိုင်ခွင့်ရှိသူက မှတ်ပုံတင်အရာရှိထံမှတဆင့် စီမံခန့်ခွဲရေးကော်မတီကို တင်ပြလျှောက်ထားနိုင်ပါတယ်။

မေး။ ။စုပေါင်းပိုင် အဆောက်အဦးဖြစ်တဲ့အတွက် မြေအချိုးကျပိုင်ဆိုင်ခွင့် ရှိတဲ့အခါ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်မရှိဆိုတဲ့ ဥပဒေကို ဆန့်ကျင်ရာရော ရောက်ပါသလား။

မူလအချိုးသင့်ပိုင်ဆိုင်မှု အစုအနေနဲ့ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဥပမာ- ရင်းနှီးပစ္စည်း (Asset) အပေါ်မှာ ရှယ်ယာ (Share) အနေနဲ့ပိုင်ဆိုင်တဲ့သဘောဖြစ်ပါတယ်။ မြေအမည်ပေါက် ပိုင်ဆိုင်ခြင်းမျိုးမဟုတ်ပါဘူး။ မြေဂရန် ပူးတွဲအမည်ပေါက်ပုံစံမျိုး မဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့လည်း ခက်ခဲမှာဖြစ်ပါတယ်။ မဖြစ်နိုင်သလောက်ပါပဲ အခန်းပေါင်းမြောက်မြားစွာ ပိုင်ဆိုင်သူပေါင်းမြောက်မြားစွာ အမည်များနဲ့ ပူးတွဲအမည်ပေါက် လုပ်နိုင်မှာမဟုတ်ပါဘူး အရောင်းအဝယ်တွေလည်းရှိနေမှာဖြစ်တဲ့အတွက် အမည်ပေါက်တွေခဏခဏပြောင်းဖို့ မဖြစ်နိုင်ပါဘူး။ မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအထောက်အထား မူရင်းများကို စုပေါင်းပိုင် အဆောက်အအုံအသင်းရဲ့ အမှုဆောင်အဖွဲ့ ထံ မှတ်ပုံတင်အရာရှိက လွဲှပြောင်းပေးရမှာဖြစ်ပြီး စုပေါင်းပိုင်အဆောက်အအုံ၊ စုပေါင်းပိုင်မြေတို့နဲ့ပတ်သက်လို့ အသင်းနဲ့ အမှုဆောင်အဖွဲ့က စီမံခန့်ခွဲဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က နည်းဥပဒေ ၃၆ အရ နိုင်ငံခြားသားအနေနဲ့ စုပေါင်းပိုင် အဆောက်အအုံရဲ့သက်တမ်းကာလအတွင်းသာ အိမ်ခန်းကို ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

မေး။ ။နိုင်ငံခြား သားတစ်ယောက် အိမ်ဝယ်ယူတော့ မယ်ဆိုရင် ဥပဒေအရ ဘယ်လို အချက်အလက် သတ်မှတ်ချက်မျိုး ရှိပါသလဲ

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။စုပေါင်းပိုင်အဆောက်အအုံက အိမ်ခန်းကို ရည်ညွှန်းတယ်လို့ထင်ပါတယ် အချက်အလက် သတ်မှတ်ချက်တွေကို အပေါ်မှာ ရှင်းပြပေးထားပါတယ်။

မေး။ ။စုပေါင်းပိုင် အဆောက်အဦးတစ်ခုမှာ နိုင်ငံခြားသား ကိုရောင်းချခွင့် ရာခိုင်နှုန်း ဘယ်လောက်ပေးထားပါသလဲ။

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။ရောင်းချနိုင်တဲ့ စုစုပေါင်း ကြမ်းခင်းဧရိယာရဲ့ ၄၀% ပါ။

မေး။ ။နိုင်ငံခြားသားတွေ အတွက် စုပေါင်းပိုင်အဆောင်အအုံဆိုင်ရာ ဥပဒေက ဘယ်လိုအကာအကွယ်တွေ ပေးထားပါသလဲ။

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။ဥပဒေပုဒ်မ ၂၆ ပါ စုပေါင်းပိုင်သူရဲ့ အခွင့်အရေးများကို နိုင်ငံသားများနည်းတူ ခံစားခွင့်ပေးထားပါတယ်။ ဆက်ခံခွင့်နဲ့ပတ်သက်လို့ ဥပဒေ ပုဒ်မ ၂၆ မှာ နိုင်ငံသားအား အမွေဆက်ခံခွင့်လို့သာပါပေမယ့် နည်းဥပဒေ ၄၇ နဲ့ ကွယ်လွန် (သို့) ပြည်နှင်ဒဏ်ခံရတဲ့ နိုင်ငံခြားသားပိုင် အိမ်ခန်းဆက်ခံခွင့်ကို ပြဌာန်းပေးထားပါတယ်။

မေး။ ။တခြားဖြည့်စွက်ပြောကြားချင်တာရှိရင်ပြောပြပေးပါ။

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်။ ။အိမ်ခန်းများဝယ်ယူခြင်းတွေရှိလာတဲ့အခါမှာ နိုင်ငံခြားသားများရဲ့ ဝင်ငွေခွန်နဲ့စပ်လျဉ်းလို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထုတ်ပြန်ပေးဖို့လိုအပ်ပါတယ်။ ပြည်တွင်းနေနိုင်ငံခြားသား၊ နိုင်ငံအတွင်းမှဝင်ငွေရရှိသူနိုင်ငံခြားသားများအနေနဲ့ ဝင်ငွေခွန်ဥပဒေ စည်းမျဉ်းစည်းကမ်းများအရ အခွန်ဆောင်ထားခဲ့တယ် ဝင်ငွေရလမ်းပြနိုင်တယ်ဆိုရင် ပြဿနာမရှိလှပေမယ့် ပြည်တွင်းနေမဟုတ်သောနိုင်ငံခြားသား ပြည်တွင်းကဝင်ငွေရရှိတာမဟုတ်တဲ့နိုင်ငံခြားသားများက အိမ်ခန်းဝယ်မယ်ဆိုရင် ၎င်းရဲ့ဝင်ငွေရလမ်းကို မည်သို့စိစစ်မလဲ သက်ဆိုင်ရာနိုင်ငံမှာ ၎င်းရဲ့ ဝင်ငွေနဲ့စပ်လျဉ်းလို့စည်းကြပ်ခံယူထားခြင်းရှိမရှိမည်သို့စိစစ်မလဲစည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအနေနဲ့ ၁၅%(သို့)၂၀%(သို့)၃၀% နဲ့စည်းကြပ်မှာလားဆိုတာတွေက တရားမဝင်တဲ့ငွေကြေးများ နိုင်ငံအတွင်းစီးဆင်းလာမှု မရှိစေရေး၊ ငွေကြေးခဝါချရာ ဈေးကွက်ဖြစ်မလာစေရေးအတွက် အရေးပါတယ်လို့ ယူဆပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.