Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ် အတွင်း ကချင်လူထု အဖွဲ့အစည်းများ ၊ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများ နှင့် တွေ့ဆုံ

ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ် ၂၈ ရက်တွင် သွားရောက်ခဲ့ရာတွင် မြစ်ကြီးနားမြို့ရှိ ကချင် လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံသကဲ့သို့တိုက်ပွဲရှောင် စခန်းများသို့သွားရောက်၍ နေ့ရပ်စွန့်ခွာသူများအား တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လာရောက် ရသည့် အကြောင်းရင်းမှာ ငြိမ်းချမ်းရေး နှင့် စစ်ဘေးရှောင် စခန်း များသို့ သွားရောက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ၊ မိမိတို့ အစိုးရမှာ တစ်နှစ်သာ ရှိသေးသော်လည်း တစ်နှစ်ချင်း တိုးတက်မှု ရှိနေအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားမြို့ Palm Spring Hotel ၌ မြစ်ကြီးနားမြို့ရှိ ကချင်လူထု အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

၂၁ ရာစု ပင်လုံ ညီလာခံသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီး သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု သဘောတူ စာချုပ် (NCA) ကို အားလုံး လက်မှတ် ရေးထိုးစေလိုကြောင်း၊ NCA ကို လေ့လာ ကြည့်ရာတွင် နိုင်ငံရေး ဆွေးနွေးမှုနှင့် အပစ်ရပ် စောင့်ကြည့်မှု အာမခံချက်များ ရှိရုံသာမက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အာမခံထားသည်ကို တွေ့ရှိနိုင်ကြောင်း၊ NCA နှင့် ၂၁ ရာစု ပင်လုံညီလာခံ လမ်းကြောင်းသည် တိုင်းပြည်နှင့် လူထုမနာသည့် လမ်းကြောင်းဖြစ်၍ ရွေးချယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တိုက်ပွဲရှောင် စခန်းများရှိ နေ့ရပ် စွန့်ခွာသူများနှင့် တွေ့ဆုံစဉ်(ဓာတ်ပုံ-MOI)

တက်ရောက် လာကြသူများက တိုက်ပွဲများ ဖြစ်ပွားနေမှု ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများ များပြားလာမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ပြဿနာ ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေးကိစ္စ ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ကချင် လူထု၏ ပါဝင် ဆောင်ရွက်နိုင်မှု အခြေအနေများ စသည်တို့ကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ထို့အတူ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ ( Peace Creation Group – PCG) မှ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခပရာခွန်အောင်၊ ဦးအင်ရှန်းဆန်အောင်နှင့် ဦးဂွမ်ဆန်အောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ခတ်ချို တိုက်ပွဲရှောင်စခန်း၊ KBC မိုင်းနား တိုက်ပွဲ ရှောင်စခန်း၊ လန်ဆယ် ရေဘေးကယ်ဆယ်ရေး စခန်းများသို့သွားရောက်ခဲ့ပြီး နေရပ် စွန့်ခွာရသူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ပြည်လုံးချမ်းသာ ပရဟိတ ဂေဟာ တို့ကို သွားရောက်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးရမှ IDP စခန်းများ အားလုံးကို ပိတ်လိုက်နိုင်မည် ဖြစ်ကြောင်း ၊ ပြည်သူ ပြည်သားများ ကိုယ့်ရပ်ကိုယ့်ရွာတွင် အေးအေး ချမ်းချမ်းနေနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုက်ပွဲရှောင် စခန်းများတွင် နေ့ရပ်စွန့်စွာသူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ စားဝတ်နေရေး ၊ အလုပ်အကိုင် ရရှိရေး အခြေအနေများအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.