Connect with us

Politics, Law & Military

နေပြည်တော်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်ပေး

နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည်  ယနေ့နံနက် နေပြည်တော်တွင် ကျင်းပခဲ့သည့် နေပြည်တော် ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတက “ပြည်သူလူထုခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း က တိုင်းပြည်နဲ့ပြည်သူလူထုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ညီညွတ်ရေး စတဲ့ နယ်ပယ်စုံ ကဏ္ဍစုံမှာ လမ်းစဉ်များ လုပ်ငန်းလမ်းညွှန်များကို အမြော်အမြင်ကြီးစွာ ညွှန်ပြခဲ့သော်လည်း ယခု ထိတိုင် ပြီးပြည့်စုံအောင်အကောင်အထည်မဖော်နိုင်ကြသေးတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့ အိပ်မက်ကို အကောင် အထည် ဖော်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလျက်ရှိပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် သန္နိဌာန်ချပြီးဖြစ်ပါတယ်။ ဒီမိုကရေစီ ထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် တည်တံ့စေရန် ဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေး များကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာစေရန် ရည်ရွယ်ချက် ထားရှိပြီးလည်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတက အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

 နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

 နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

 နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

 နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်းသည် လူမှု ဆက်ဆံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အဆင့်အတန်း၊ တရားဥပဒေ၊ အခွင့်အလမ်း စသည်တို့တွင် နိုင်ငံသားတိုင်း တရားမျှတမှု ရရှိစေခြင်းငှာ အခိုင်အမာ လမ်းညွှန် ခဲ့ကြောင်း၊ ပြည်သူလူထု၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးသည့် အုပ်ချုပ်ရေး ယန္တရား၊ တရား ဥပဒေစိုးမိုးမှုတို့ကို အထောက်အကူပြုသည့် အုပ်ချုပ်ရေး စနစ် ဖြစ်လာစေရန် ရည်ရွယ်ပြီး မင်းစိတ်ပေါက်သော အရာရှိဆိုးများ ခြယ်လှယ်သည့် စနစ်ဆိုးမျိုး၊ အများပြည်သူ ဆန္ဒနှင့် ဆန့်ကျင် သည့် ဖက်ဆစ်ဝါဒ ဆင်တူ ရိုးမှားစနစ်ဆိုးများ ပေါ်ပေါက်လာနိုင်သည်ကို သတိထား ကြရန်လည်း ပြောကြားခဲ့ကြောင်း၊ တိုင်းရင်းသားများ အရေးနှင့် စပ်လျဉ်းပြီး တောင်တန်းဒေသ ပြည်သူများကိုလည်း ကိုယ်ပိုင် ပြဌာန်းခွင့် အပါအဝင် ဒီမိုကရေစီတိုင်းပြည်များရှိ အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များ သတ်မှတ်ပေးပြီး ရရှိ ခံစားစေရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ထောင်ရန် ရှင်းလင်းစွာ လမ်းညွှန်ခဲ့ ကြောင်း၊ ဗိုလ်ချုပ်သည် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် စိတ်ဓာတ်မှန် လုပ်ရပ်မှန် အနစ်နာခံ ခဲ့ကြောင်း၊ တိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေး စည်းရုံးရေး စွမ်းရည်ရှိမှု၊ တပ်မတော်ကို ဦးဆောင်ဖွဲ့စည်းနိုင်မှု၊ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်မှု၊ တိုင်းသူ ပြည်သားအပေါင်းက ချစ်ခင်လေးစား အားကိုးယုံကြည်မှု စသည်တို့ကို သိမ်းကျုံး ရရှိထားပြီး တုဖက်ကင်းသော ခေါင်းဆောင်ဖြစ်ကြောင်း၊ ရဟန်း၊ရှင်လူ ပြည်သူ ကျောင်းသား ကျောင်းသူ တိုင်းရင်းသား များ အားလုံးကလည်း အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး ဗိသုကာကြီး တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ကျေးဇူးဆပ်သောအားဖြင့် ဗိုလ်ချုပ် ကျင့်သုံးခဲ့သော လမ်းစဉ်၊ ဗိုလ်ချုပ်ချမှတ်ခဲ့သော မူဝါဒ၊ ဗိုလ်ချုပ် မျှော်မှန်းခဲ့သော ပန်းတိုင်းတို့ကို မိမိတို့နှင့် အတူ လိုက်နာ အကောင်အထည်ဖော်ရင်း ဗိုလ်ချုပ်ကို မမေ့သေးကြောင်းပြသကြ မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ရည်ရွယ်မျှော်မှန်းခဲ့သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ပနု်းတိုင်သို့အရောက်စည်းလုံးညီညွတ်စွာချီတက်ကြပါစို့ဟု နှိုးဆော်ပါ ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ် ထားရှိသည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း အဝိုင်း နေရာတွင် ယနေ့ နံနက်ပိုင်း ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ နှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူထု လူတန်းစား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံ ပြည်သူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကြေးရုပ်ဖွင့် ပွဲ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ (Xinhua)