Connect with us

Politics, Law & Military

နေပြည်တော် လေဆိပ် နှင့် ဟိုတယ် အခန်းများ အတွင်းမှ လက်နက်ခဲယမ်းများ ၊ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိမှုအား အမှုဖွင့် စစ်ဆေးလျက်ရှိ

နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ သိမ်းဆည်း ရမိသော လက်နက်/ခဲယမ်း နှင့် စိတ်ကြွဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဟိုတယ် အခန်းများ အတွင်းမှ လက်နက်ခဲယမ်းများ ၊ စိတ်ကြွဆေးပြားများ ဖမ်းဆီး ရမိမှုအား အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့အောက်တိုဘာ ၁၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

လေဆိပ် နှင့် ဟိုတယ် အခန်းများ အတွင်းမှ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးတို့ထံမှ ပစ္စတို(၉)လက် ၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက် နှင့် အတူ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး ယင်းဖြစ်စဉ်အား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အောက်တိုဘာလ ၁၅ ရက်တွင် MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးတို့၏ ခရီးဆောင်အိတ် များအား စစ်ဆေးရာ WY စိတ်ကြွဆေးပြား ၁၂ ပြား ၊ ICE ၁.၅ ဂရမ် ၊ သြစတြေးလျနိုင်ငံထုတ် ၉မမ ပစ္စတို ၂ လက် ၎င်းကျည်(၇၂)တောင့်၊ ကျည်အိမ်(၂)ခု၊ ဆက်သွယ်ရေးစက် (၃)လုံး ၊ Phyo Ko Ko Tin San(LS-609)အမည်ပါ လေဆာတုံး(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ Drone အဝေးထိန်းယာဉ်(၁)ခု၊ မှန်ဘီလူး(၁)ခု(အိတ်ပါ)၊ ကင်မရာ(၆)လုံး၊ နာရီ(၁)လုံး၊ Wifi လွှင့်၍ အသုံးပြု သည့်စက်(၁)ခု၊ Memory Stick မျိုးစုံ(၁၅)ခု၊ ဖုန်း(၃)လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အေလာနယ်မြေ ရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထိုနောက် ၎င်းတို့တည်းခိုသည့် ဟိုတယ် ACEသို့ ဝင်ရောက်ရှာဖွေရာ H-1အခန်း(ဖြိုးကိုကိုတင့်ဆန်း၏အခန်း)ရှိ သံဘီဒိုအတွင်းမှ စုစုပေါင်း ပစ္စတို(၅)လက် ၊ 9MM Luger ကျည်(၆၃၈)တောင့်၊ M16 ကျည်(၂၀)တောင့်၊ ၎င်းကျည်အိမ်(၂)ခု၊ 7.65 MM(32 Auto)ကျည် (၁၃၆)တောင့်၊ .22ကျည်(၁၀) တောင့်၊ ကျည်အိမ်အလွတ်(၇)ခု(ရောရာ)၊ M16 လက်ကိုင်ကွင်း(၁)ခု၊ ပစ္စတိုအိတ်အနက်ရောင် (၅)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက်တို့တွေ့ရှိခဲ့ကြောင်း ၊ JS004 အခန်း (ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့နေသောအခန်း)အား ဆက်လက်ရှာဖွေရာ LLB-170 9MM Glock ပစ္စတို(၁)လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၁၂)တောင့်၊ Glock Ges.M.b.H ပစ္စတို(၁) လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၄)တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး ဒက္ခိဏမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)