Connect with us

Politics, Law & Military

အနာဂတ်ကို မျက်နှာမူပြီး ရဲရဲတွေး ရဲရဲလုပ်ကြဖို့လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အဖွဲ့ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ခရီးကို လျှောက်လှမ်းရာတွင် နိုင်ငံတော်၏ အနာဂတ်ကို မျက်နှာမူပြီး ရဲရဲတွေး၊ ရဲရဲ လုပ်ဆောင်ကြရန် လိုအပ်သည်ဟု အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

“နောင်လာမယ့် ဆယ်စုနှစ်တွေမှာ ကျွန်မတို့ရဲ့ လူငယ်တွေအတွက် ဘယ်လို နိုင်ငံတော်မျိုး ဘယ်လို ပြည်ထောင်စုမျိုးကို ထားရစ်ခဲ့ကြမလဲ စဉ်းစားကြည့်ကြစေလိုပါတယ်၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ သောထား ကွဲလွဲမှုတွေနဲ့ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နောက်ကျနေဆဲ ဖြစ်လို့ အထင်သေးခံရ တဲ့ နိုင်ငံတော်မျိုး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး မရှိသေးလို့ ငြိမ်းချမ်းရေး အသီးအပွင့် မဝေဆာ နိုင်သေးလို့ ပြည်သူတွေ စိတ်မချမ်းသာရတဲ့ ပြည်ထောင်စုမျိုးကို ကျွန်မတို့ ချန်ထားခဲ့ကြမှာလား ဆိုတာကို ကျွန်မတို့ အားလုံး အလေးအနက်ထားပြီး စဉ်းစား သုံးသပ်ကြဖို့ လိုပါတယ်။ ကျွန်မတို့ အနာဂတ်ကို မျက်နှာမူပြီး ရဲရဲတွေး ရဲရဲ လုပ်ကြဖို့ လိုအပ်နေပါပြီ” ဟု နေပြည်တော် MICC I တွင် ယနေ့နံနက် ပြုလုပ်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

အပစ်အခတ်ရပ်စဲရေး တည်တံ့ခိုင်မြဲစေမည့် ယန္တရားများကို ထက်မြက်ရှင်သန်အောင် ပြုလုပ်ကြရန်၊ ငြိမ်းချမ်းရေး အမှန်လိုလားသော အဖွဲ့အစည်းများ အားလုံး ပူးပေါင်း ပါဝင်ပြီး ထာဝရ ငြိမ်းချမ်းရေး ဆောက်တည်နိုင်ဖို့ နိုင်ငံရေး ပြသနာများကို ဆွေးနွေးညှိနှိုင်းသည့်နည်းဖြင့် ဖြေရှင်းကြရန်၊ ပြည် ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို မိမိတို့ခေတ်တွင် မည်မျှလောက် ချစ်မြတ်နိုး တန်ဖိုးထားသည် ဆိုသည်ကို နောက်လာ နောက်သားတို့၏ သမိုင်းက စစ်ဆေး ဆုံးဖြတ်လာမည်ကို လိပ်ပြာ သန့်သန့် သိက္ခာရှိရှိဖြင့် ရင်ဆိုင် ခံယူသွားနိုင်ရေးအတွက် မိမိတို့ အားလုံး ပူးပေါင်း ဆောင်ရွက်ကြပါစို့ ဟုလည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

“အခု NCA လက်မှတ်ရေးထိုးပြီး နှစ်နှစ်ပြည့် အခါသမယကို ရောက်ရှိခဲ့ပါပြီ။ နောက်ပြန်ဆုတ်ဖို့ရာ မရှိပါဘူး၊ ရှေ့ကို ရောက်အောင် ခရီးပေါက်အောင် ဆက်လှမ်းဖို့ပဲ ရှိပါတယ်၊ ဒီကြားထဲမှာ အခက်အခဲ အမျိုးမျိုး စိန်ခေါ်မှု အဖုံဖုံ ကြုံတွေ့လာရင်လည်း အပြန်အလှန် ရိုင်းပင်း စာနာစိတ်နဲ့ ဖေးမ ကူညီကြ ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အခမ်းအနား အစီအစဉ်အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ဆက်လက်ပြောကြားခဲ့ရာ NCA ကို ဆက်လက်ပြီး မသိကျိုးကျွန်ပြုနေခြင်းမှာ ပြည် ထောင်စုနှင့် ပြည်သူလူထု အကျိုးကို မျက်ကွယ်ပြုခြင်းသာ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၎င်းက “NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်၊ အနှစ်သာရအားဖြင့်ကတော့ ဒါ့ထက် ပိုမို ကျယ်ပြန့်ပါတယ်၊ နက်ရှိုင်းပါတယ်၊ ဒါကြောင့် NCA ကို လက်မှတ်ထိုးဖို့လိုကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်၊၊ ဒီစာချုပ်မှာပါတဲ့ ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့ အခွင့်အရေးကို ကန့်သတ် ချုပ်ချယ် ပိတ်ပင်ထားတာ တစ်ခုမှ မပါပါဘူး၊ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတာကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်၊ ဒါကို ဆက်လက်ပြီး မသိကျိုးကျွန်ပြုနေရင် ပြည်သူ လိုလားတဲ့ ဖက်ဒရယ် ပြည်ဖထာင်စု စနစ်ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး ‘သူတစ်လူ ငါ တစ်မင်း’ စနစ်ကို တည်ထောင် လိုခြင်းနဲ ့ ပြည်သူလူထု အကျိုးကို မျက်ကွယ်ပြုလိုခြင်းပဲလို့ ယူဆရမှာ ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှု အဖွဲ့ခေါင်းဆောင်၊ ကေအင်န်ယူ အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

UPDJC လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ၎င်းအဖွဲ့ဝင် ဦးရွှေမင်း ဖတ်ကြားစဉ် (ဆင်ဟွာ)

JMC လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား JMC – U ဒုတိယ ဥက္ကဋ္ဌ (၂) ဆရာတော် စောမက်သယူးအေးက ဖတ်ကြား တင်ပြစဉ် (ဆင်ဟွာ)

NCA လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံ စုပေါင်းရိုက်ကူးနေစဉ် (ဆင်ဟွာ)

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ အခွင့်အရေးကို အပြည့်အ၀ ပေးထားသည့် NCA ကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဘောင်ထဲကသာ မကြည့်ဘဲ ပိုမို ကျယ်ပြန့်သည့် အမြင်ဖြင့် ကြည့်ပြီး အချိန်မဆိုင်းဘဲ အားလုံး ပါဝင် ဆောင်ရွက်သွားကြရန်၊ ပြည်သူ့ဆန္ဒ ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို နိုင်ငံသားတိုင်း လက်ခံယုံကြည်ပြီး ဒီမိုကရေစီ ဖော်ဆောာင်မှု အပါအဝင် လုပ်ငန်း ဆောင်ရွက်မှု အားလုံးကို ဥပဒေနှင့်အညီ ကျင့်သုံး လိုက်နာ လုပ်ဆောင်သွားကြရန်နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်ရာတွင် တရားမျှတမှု လွတ်လပ်မှု ညီမျှမှုများအပေါ် အခြေခံပြီး အမျိုးသား အကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါး အပေါ် ရှေ့ရှု ဆောင်ရွက်သွားကြရန်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ အဖွဲ့ခေါင်းဆောင် ကေအင်န်ယူ အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အမှာစကားပြောခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ကော်မတီဝင် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးရွှေမင်းက ဖတ်ကြား တင်ပြခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ၏ လုပ်ငန်း တိုးတက်မှု အစီရင်ခံစာကို JMC – U ဒုတိယ ဥက္ကဋ္ဌ (၂) အရပ်သား ကိုယ်စားလှယ် ဆရာတော် စောမက်သယူးအေးက ဖတ်ကြားတင်ပြခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)